September 20, 2024

၁၅.၈.၂၀၂၄
Photo @ Written by TZ

ရန်ကုန်မြို့အတွင်း စက်သုံးဆီများဝယ်ယူရန် အခက်အခဲဖြစ်ပေါ်မှုကြောင့် ကျောင်းဖယ်ရီကားမောင်းသည့် ယာဥ်အချို့ ရပ်နားရမည်ဖြစ်ကြောင်း ပုဂ္ဂလိကကျောင်းများတွင် ဖယ်ရီကားမောင်းသည့် ယာဥ်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

ရန်ကုန်အပါအဝင် အခြားမြို့များ၌ စက်သုံးဆီများကို အကန့်အသတ်ဖြင့် ဆီများကိုရောင်းချရာ လက်ရှိအချိန်တွင် စက်သုံးဆီရရှိရန် အခက်အခဲဖြစ်ပေါ်မှုကြောင့် သြဂုတ်လ ၁၆ ရက်နေ့မှစတင်ပြီး ဖယ်ရီကားယာဥ်များ ရပ်နားရမည်ဖြစ်ကြောင်း ဖယ်ရီကားပိုင်ရှင်တစ်ဦးမှ MT News သို့ဖြေကြားသည်။

ထိုဖယ်ရီကားပိုင်ရှင်ကို MT News မှ ဆက်သွယ်မေးမြန်းရာ “ဆီအခက်အခဲဖြစ်လို့ ဖယ်ရီကားတွေနားတာ။ မနက်ဖြန် ကျွန်တော့်ကားအပါ အခြား ဖယ်ရီယာဥ် ၃ စီးလောက်နားကြမှာ။ ကျောင်းသားတွေလည်း အခက်အခဲဖြစ်ကြပြီ။ ဆီက ရမှမရတာ မတတ်နိုင်တော့ဘူး”ဟု ဆို သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့အတွင်း စက်သုံးဆီရရှိမှုအခက်အခဲ ဖြစ်ပေါ်နေ၍ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြေးဆွဲနေသည့် ဖယ်ရီကားမှာ အသွားအပြန် (၉) ခေါက်ပြေးဆွဲရပြီး ဝယ်ယူရရှိသည့် ဆီမှာ ၃၀၀၀၀ ဖိုးသာ ဝယ်ယူရရှိကြောင်းလည်း သိရသည်။

ဖယ်ရီကားအချို့ ရပ်နားမှုကြောင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ခုတွင် ကျောင်းတက်ရောက်နေသည့် ကျောင်းသားမိဘတစ်ဦးကို MT News မှမေးမြန်းရာ “ဖယ်ရီကားတွေနားတော့ ကျွန်မတို့ကလေးတွေအခက်အခဲ ဖြစ်ပြီလေ။ ကျွန်မတို့က ဝန်ထမ်းတွေ။ ကလေးတွေကို လိုက်ပို့ဖို့လည်း မအားဘူး” ဟု ဆိုသည်။

ထို့အတွက် ပြည်တွင်း၌ စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေမှုပြေလည်ရန် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ ၁၄ ရက်နေ့တွင် အသိပေးကြေညာထားသလို ယခုရက်ပိုင်းအတွင်း ဆီအကျပ်အတည်းပြေလည်နိုင်မည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *