September 20, 2024

၁၅. ၈. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက်တွင် MAGDPL စတင်မှတ်ပုံတင်သည့်နေ့တွင် အစုရှယ်ယာအစောင်ရေ ၃၁၀ ရောင်းချနိုင်ခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၂၂,၀၀၀ ဖြင့် ဈေးနှုန်းပိတ်သိမ်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက်ဖြစ်သည့် စာရင်းဝင်အကြိုဈေးကွက် (Pre Listing Board – PLB)တွင် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) မှ ပထမဆုံးမှတ်ပုံတင်ကုမ္ပဏီအဖြစ် ၀င်ရောက်လာခြင်း အခမ်းအနားအား ဩဂုတ်လ ၁၄ ရက်(ယမန်)နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပထမဆုံးမှတ်ပုံတင်သည့်နေ့တွင် MAGDPL ၏ ရှယ်ယာအစောင်ရေ ၃၁၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နောက်ဆုံးအပိတ်စျေးအဖြစ် ရှယ်ယာတစ်စောင်လျှင် ကျပ် ၂၂,၀၀၀ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ MAGDPL ၏ ရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်လိုပါက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံနိုင်ကြပြီဖြစ်ကြောင်း အသိပေးထားသည်။

အများပိုင်ကုမ္ပဏီများအတွက် အရင်းအနှီးဈေးကွက်မှတစ်ဆင့် အရင်းအနှီးရယူစုစည်းနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်းတွင် မူလရှိပြီး စာရင်းဝင်ဈေးကွက်အပြင် နိုင်ငံတကာ စတော့အိတ်ချိန်းများကဲ့သို့ ဒုတိယဈေးကွက်အဖြစ် စာရင်းဝင်အကြိုဈေးကွက်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

MAGDPL သည် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အလုပ်အမှုဆောင်အများစု ပါဝင်သည့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းလုပ်ငန်းရှင်များ ဦးဆောင်ပြီး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အဖြစ် စတင်တည်ထောင်ခဲ့ကာ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ အစုရှယ်ယာရှင် ၁၀၉ ဦးမှ အစုရှယ်ယာ တစ်စု (၁၀,၀၀၀) ကျပ်နှင့် ကျပ် ၁၀ ဘီလျံကျော်တန်ဖိုးရှိသည့် အစုရှယ်ယာအရေအတွက် တစ်သန်းကျော် ထည့်ဝင်ထားပြီးဖြစ်သည့် အများပိုင်ကုမ္ပဏီဖြစ်သည်။

MAGDPL အနေဖြင့် လယ်ယာထွက်ကုန်နှင့် ဆီထွက်သီးနှံကုန်ပစ္စည်းများ အတင်အချလုပ်ငန်း၊ ခေတ်မီဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတည်ဆောက်ခြင်းနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦးများ တည်ဆောက်ပြီး ငှားရမ်းခြင်းများ ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *