September 20, 2024

◾️ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် မရောင်းချခြင်းမျိုး မပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်နေ

၁၄. ၈. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း၌ စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေချိန် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့တွင် အသိပေးကြေညာထားသည်။

ဗဟိုဘဏ်၏ နိုင်ငံခြားငွေဈေးကွက်အတွင်း ဒေါ်လာထုတ်ရောင်းပေးခဲ့သော ကာလအတွင်း ယခင်က ဒေါ်လာသန်းဆယ်ချီသာ ရောင်းချပေးမှုရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သန်းရာချီဖြင့် ပမာဏအများဆုံး ထုတ်ရောင်းပေးခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွား၍ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီ Terminal တွင် ဆီထုတ်ရန် အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်ဆီဝယ်ယူမှု အခက်အခဲဖြစ်ပေါ်ခဲ့မှုများအား Urgent အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ နိုင်ငံခြား‌များ ထုတ်ရောင်းပေးခဲ့မှုများကြောင့် ပြန်လည်အဆင်ပြေခဲ့သည်။

ထို့နောက် စက်သုံးဆီသယ်ယာဉ်များ ပုံမှန်ဝင်ရောက်မှုရှိနေသော်လည်း ဩဂုတ်လ ၁၀ ရက်မှစတင်ပြီး ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်အချို့တွင် တန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပေါ်နေကာ ယခင်က တန်းစီရမှုနည်းသည့် ဆီဆိုင်ငယ်များမှာပါ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရသည်။

စက်သုံးဆီတန်းစီဝယ်ယူနေရမှုများနှင့် ပတ်သက်ပြီး Online Media များနှင့် ကောလာဟလသတင်းများကြောင့် စိုးရိမ် ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက်ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့် ပြန်လည် ရောင်းချရန်ဝယ်ယူခြင်းတို့ မပြုလုပ်ကြပါရန်၊ လိုအပ်သလောက်သာ ဝယ်ယူ သုံးစွဲကြပါရန်နှင့် အရောင်းဆိုင်အချို့တွင်သာ စုပြုံတန်းစီဝယ်ယူနေခြင်းအစား တန်းစီ ဝယ်ယူမှုနည်းပါးသည့် ပတ်ဝန်းကျင်ရှိ အခြားအရောင်းဆိုင်များသို့လည်း သွားရောက် ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုက်တွန်းနှိုးဆော်ထားကြောင်းနှင့် အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် မရောင်းချခြင်းမျိုး မပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း SAC မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှာလည်း ‌စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ဗဟိုဘဏ်မှ ရောင်းချပေးထားသည်။ ယခုတစ်ပတ်တွင်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် ဒေါ်လာ ၆ သန်း၊ ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်း ထပ်မံရောင်းချပေးထားသည်။

ဩဂုတ်လဆန်းမှစတင်၍ ဒေါ်လာဈေးနှုန်းများ ဆွဲတင်ခဲ့မှုကြောင့် တစ်ဒေါ်လာ ကျပ် ၆၄၀၀ ကျော်အထိ ‌ရောက်ရှိခဲ့သည့်အပြင် ဩဂုတ်လ ၁၂ ရက်တွင် တပ်မတော်အတွင်း အာဏာသိမ်းမှုများ ဖြစ်ပေါ်နေသည်ဆိုသော ကောလဟာလများကို ထုတ်လွှင့်ကာ ဈေးဆွဲတင်မှုများကြောင့် တစ်ရက်အတွင်း ကျပ် ၈၀၀ မြင့်တက်ကာ ဩဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာ ကျပ် ၇၂၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အဆိုပါသတင်းများမှာ ကောလာဟလသာဖြစ်ကြောင်းနှင့် နိုင်ငံတော်အကြီးအကဲများ နိုင်ငံ့တာဝန်များကို ပုံမှန်အတိုင်း ကျေပွန်စွာထမ်းဆောင်နေကြောင်း ထုတ်ပြန်သည့် ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၆၀၀၀ ကျော်အသို့ ပြန်လည်ကျဆင်းခဲ့သည်။ အဆိုပါဖြစ်စဉ်များအပြီးတွင် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာထုတ်ရောင်းသည့် တစ်ကြိမ်အတွင်း ဒေါ်လာသန်းရာချီ ထုတ်ရောင်းပေးလာခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *