၁၄. ၈. ၂၀၂၄
Written by Nyein Kyaw
ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန်နှင့် ဘဏ်များမှ ချေးငွေပိုမိုထုတ်ချေးနိုင်ရန်တို့အတွက် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ပြီး လာမည့် စက်တင်ဘာ ၁ ရက်တွင် စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ ချေးငွေထုတ်ချေးနိုင်မှုပိုမိုလာပြီး စီးပွားရေးတိုးတက်မှုအား အထောက်အကူပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများကိုပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ပြင်ဆင်သတ်မှတ်ရာတွင် ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကိုမူ ၇ ရာခိုင်နှုန်းနှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်လိုက်သည်။
ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေနှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏ အတိုးနှုန်းများသည် ပြောင်းလဲမှုမရှိကြောင်း ထုတ်ပြန်ထားသည်။ ယခုအတိုးနှုန်းပြင်ဆင်ချက်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုး သက်ရောက်မည်ဖြစ်သည်။