September 20, 2024

◾️ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေးပါ တိုက်တွန်း

၁၄. ၈. ၂၀၂၄
Written by Nyein Kyaw

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှုနှင့် ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင်ပါဝင်မှုအခန်းကဏ္ဍနှင့် အာဆီယံ၏ပဋိဉာဉ်အတိုင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည့်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေး ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူသွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီအားလုံးလွတ်လပ်စွာပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲဖြစ်စေရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ဦးစွာဆွေးနွေးပြောကြားသည်။

တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲထောက်ခံအားပေးနေပါကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy )အပေါ် မြန်မာနိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေးနေမှုအပေါ် တန်ဖိုးထားပါကြောင်းနှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲ ရပ်တည်ပေးလျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လိုအပ် သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လည်း လိုအပ်သည်များကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံဘက်မှ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို အဖွဲ့ ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ H.E. Ms. Ma Jia ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong ၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *