၁၄.၈. ၂၀၂၄
Written by Nay Moe
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ဩဂုတ်လ (၁၁) ရက် နံနက်ပိုင်းမှ စတင် တိုက်ခိုက်ကာ ဩဂုတ်လ (၁၂) ရက်နေ့၊ ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု NUG စစ်ရုံးချုပ်က ယခုထုတ်ပြန်လာသည်။
တကောင်းမြို့အား အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုဖြင့် အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ်/ တကောင်းတိုက်နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။
တကောင်းမြို့ပေါ်တွင် ဒု-ဗိုလ်မှူးကြီး ရဲခေါင်နှင့် ဗိုလ်မှူး မိုးသွင် ဦးစီး တတက-၁၃၊ ဗိုလ်မှူး မိုးဝင်း ဦးစီး စခတ-၂၊ ရဲအုပ် အောင်ကိုဝင်း ဦးစီး ရဲတပ်ဖွဲ့၊ ဇော်လင်းနိုင် (ဒု-မြို့နယ်မှူး) တို့ အခြေပြုနေထိုင်သော ထွေအုပ်ရုံး၊ ဆေးရုံနှင့် ရဲစခန်းအား ဩဂုတ်လ (၁၁) ရက်နေ့တွင် သိမ်းယူခဲ့ပြီး လေးမျက်နှာဘုရားအား ဩဂုတ်လ (၁၂) ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့သည်ဟုလည်း NUG က ဆိုသည်။
တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၆၄ ဦး သေဆုံးပြီး ဒုဗိုလ်မှူးကြီး (၁) ဦးနှင့် ဗိုလ်မှူး (၂) ဦးအပါအဝင် (၂၀) ဦး ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိခဲ့သည်ဟုဆိုပြီး ထို နှစ်ရက်ကြာတိုက်ပွဲအတွင်း PDF နှစ်ဦးသာသေသည်ဟုလည်း NUG က ဆိုသော်လည်း ထိုသေဆုံးမှုသတင်းများမှာ လိမ်လည်ဖုံးဖိထုတ်ပြန်ချက်များသာဖြစ်လေ့ရှိသလို NUG ကလည်း ပုံနှင့်တကွမဖော်ပြသည့်အတွက် MT News က အတည်မပြုနိုင်ဘဲ ထုတ်ပြန်၍သာ သတင်းဖော်ပြခြင်းဖြစ်သည်။
မြို့သိမ်းတိုက်ပွဲများအတွင်း PDF များ၏ အမှန်တကယ်သေဆုံးမှုကို လက်နက်ကိုင်များစိတ်ဓာတ်ကျမည်စိုး၍ ဖုံးဖိလိမ်ညာထုတ်ပြန်လေ့ရှိပြီး ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်ကလည်း လွိုင်ကော်မြို့သိမ်းတိုက်ပွဲ မအောင်မြင်ခဲ့သည့် KNDF က သုံးနှစ်တာအတွင်း KNDF လက်နက်ကိုင်အဖွဲ့ဝင် ၃၉၆ ဦးအထိ သေဆုံးထားသည်ဟု KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ယခင်ဖုံးဖိထားသည့် သေဆုံးမှုများအား ဖော်ထုတ်ပြောဆိုခဲ့သည်ကိုလည်း တွေ့ရသည်။