၁၄. ၈. ၂၀၂၄
Translated by Htwe Ko Tun
BRICS အဖွဲ့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ အိန္ဒိယကျွမ်းကျင်ပညာရှင် Sameep Shastri က BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ဒေါ်လာအသုံးပြုနေမှုကို ရေရှည်ဆက်လက်မှီခိုကျင့်သုံးနေတော့မှာမဟုတ်ဘဲ မိမိတို့ရဲ့ အမျိုးသားငွေကြေးတွေကိုသာ ပြောင်းလဲအသုံးပြုကြတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Sameep Shastri က “ကမ္ဘာ့နိုင်ငံတွေအကြားမှာ အမေရိကန်ဒေါ်လာသုံးစွဲမှု လျော့ကျလာတာကို ကျွန်တော်တို့ မကြာခင် မြင်ကြရတော့မယ်ထင်တယ်။ ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးမှာ အခုဆိုရင် ရူဘယ်နဲ့ ရူပီး၊ ယွမ်နဲ့ရူပီး ပေးချေရေးတွေကို အခုဆို စနေပြီ။ ကျွန်တော်တို့ ဒေါ်လာအပေါ် တစ်ဖက်သတ်မှီခိုနေဖို့ မလိုတော့ဘူး။ နိုင်ငံတိုင်းဟာ ငွေကြေးတစ်ခုတည်းအပေါ် မှီခိုမနေဘဲ မိမိကိုယ်ပိုင်ငွေကြေးတွေအသုံးပြုပြီး ကုန်သွယ်မှုတွေပြုလုပ်ကြဖို့က အရေးကြီးတယ်လို့ ကျွန်တော်ယူဆတယ်။ ဒီတော့ ကျွန်တော်တို့ ကိုယ့်နိုင်ငံငွေကြေးအပေါ်ပဲ မှီခိုသင့်ကြတယ်။ ကိုယ့်နိုင်ငံငွေကြေးကိုပဲ ခိုင်မာအောင်လုပ်မယ်။ ဒီကမှ ကိုယ့်နိုင်ငံစီးပွားရေးတောင့်တင်းအောင် ကျွန်တော်တို့လုပ်ကြရမယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် သူက အနောက်နိုင်ငံတွေက ကမ္ဘာပေါ် စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံတွေဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေကြမှုတွေကို သူ့အနေနဲ့ လုံးဝသဘောမတူဘူးလို့ အထူးအလေးထား ပြောကြားသွားခဲ့ပါတယ်။ Sameep Shastri က ကမ္ဘာပေါ်မှာ စီးပွားရေးပါဝါဟာ အခုဆိုရင် ကမ္ဘာ့အနောက်ဘက်ခြမ်းကနေ ကမ္ဘာ့တောင်ဘက်ခြမ်းဆီကို ကူးပြောင်းလာနေတာတွေ့ရမှာပါလို့ ပြောခဲ့ပါတယ်။
Sameep Shastri က ဆက်လက်ပြောခဲ့ရာမှာ “ကျွန်တော်တို့ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ကို လေ့လာကြည့်ရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံတွေအဖြစ် တွေ့ရမှာပါ။ ခုဆို အိန္ဒိယက ကမ္ဘာမှာ ပဉ္စမမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာပြီ။ ဒါဟာ ကိုယ့်အားကိုယ့်ကိုးပြီး ရပ်တည်နိုင်အောင်ကြိုးစားမှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သက်သေပြလိုက်နိုင်တာပဲ” လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း အိန္ဒိယပညာရှင်က ပြောခဲ့ရာမှာ “ ဒီနှစ်နှစ်အတွင်း ပိတ်ဆို့အရေးယူမှုတွေကို ကြည့်ပြန်တဲ့အခါ ရုရှားနိုင်ငံက ကိုယ့်အားကိုယ့်ကိုးမှုရဲ့ အကောင်းဆုံးသော စံနမူနာ ဖြစ်လာတာတွေ့ရတယ်။ ရုရှားနိုင်ငံလုပ်ပစ္စည်းတိုင်းကို ရရှိအသုံးပြုနိုင်တယ်။ ဒါ့ပြင် ရုရှားစီးပွားရေးက နှစ်ရာခိုင်နှုန်း အဆက်မပြတ်တိုးလာနေတယ်။ ပထဝီအနေအထားအရ BRICS အဖွဲ့ဝင်နိုင်ငံတွေကိုကြည့်ရင် သီးခြားစီ တည်ရှိနေကြတာ တွေ့ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က မဟာဗျူဟာကျပြီးရေရှည်တည်တံ့မယ့် တိုးတက်မှုကို ရရှိထားကြတယ်။ ဒါက အသေအချာ စဉ်းစားသွားရမယ့်အချက်ပဲ” လို့ ဆိုသွားပါသေးတယ်။
BRICS အဖွဲ့ကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ မူလက ဘရာဇီးလ်၊ ရုရှား၊၊ အိန္ဒိယနဲ့ တရုတ်တို့ ပါဝင်ပြီး ၂၀၁၁ ခုနှစ်မှာ တောင်အာဖရိက ပါဝင်လာပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာတော့ အီဂျစ်၊ အီရန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ နဲ့ အီသီယိုးပီးယားတို့ကလည်း တင်းပြည့်အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လာကြပါတယ်။ ၂၀၂၄ ခုနှစ်မှာ BRICS ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ရုရှားနိုင်ငံက ဆောင်ရွက်နေပြီး BRICS ထိပ်သီးညီလာခံကို ရုရှားနိုင်ငံ ကာဇန်မြို့မှာ အောက်တိုဘာလအတွင်းကျင်းပမှာပါ။
Ref- Tass