September 20, 2024

◾️ဒေါ်လာဈေးဆွဲတင် ရောင်းချခဲ့သည့် ဝိသမလောဘသမားများက ဈေးနှုန်းပြန်ချကာ ဒေါ်လာများ ပြန်ဝယ်နေ

၁၄. ၈. ၂၀၂၄
Written by Nyein Kyaw

တစ်ဒေါ်လာ ကျပ် ၇၂၀၀ အထိမြင့်တက်ခဲ့သည့် ပြည်တွင်း ဒေါ်လာဈေးနှုန်း ယ‌နေ့တွင် ကျပ် ၆၀၀၀ ဝန်းကျင်သို့ ရုတ်တရက် ပြန်လည်ကျဆင်းခဲ့ပြီး တစ်ရက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၀၀၀ ကျော် ပြန်လည်ကျဆင်းလာသည်။

တစ်ဒေါ်လာ ကျပ် ၅၀၀၀ နှင့် ရွှေတစ်ကျပ်သား ကျပ်သိန်း ၅၀ ရောက်ရှိမည်ဆိုပါက အစိုးရပြုတ်ကျမည်ဆိုကာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးစတင်ချိန်မှစတင်ပြီး NUG နှင့် ၎င်းတို့ကို ထောက်ခံသော စီးပွားရေးလုပ်ငန်းရှင်များက ဈေးနှုန်းများ ဆွဲတင်ခဲ့‌သော်လည်း ၎င်းတို့မျှော်မှန်းသည့် တစ်ဒေါ်လာ ကျပ် ၅၀၀၀ နှင့် ရွှေတစ်ကျပ်သား ကျပ်သိန်း ၅၀ အထိ ရောက်ရှိခဲ့ချိန် အစိုးရမပြုတ်ကျသည့်အတွက် တစ်ဒေါ်လာ ကျပ် ၁၀,၀၀၀ နှင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထိ ထပ်မံဆွဲတင်မှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဗဟိုဘဏ်မှ ပြည်တွင်းလိုအပ်သည့် ဒေါ်လာများ ထုတ်ရောင်းပေးနေသော်လည်း ယခုဩဂုတ်လဆန်းပိုင်းတွင် ဒေါ်လာဈေးနှုန်း တစ်ရက်လျှင် ရာဂဏန်းကျော်မြင့်တက်ခဲ့သလို ယခုဩဂုတ် ၆ ရက်မှစတင်ပြီး ဈေးနှုန်းပြောင်းလဲမှုများ ထပ်မံမြန်ဆန်လာကာ ဩဂုတ်လ ၁၂ ရက်တွင် တစ်ဒေါ်လာ ကျပ် ၆၄၀၀ အထိရောက်ရှိခဲ့ခြင်းဖြစ်သည်။ တစ်ပတ်အတွင်း ကျပ် ၁၀၀၀ ကျော်မြင့်တက်ခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၁၂ ရက်တွင် နေပြည်တော်တွင် အာဏာသိမ်းမှုဖြစ်ပွားနေပြီဆိုသော ကောလာဟလ သတင်းများကို ထုတ်လွှင့်ပြီး ဒေါ်လာဈေးနှုန်းကို တစ်ရက်အတွင်း ကျပ် ၈၀၀ ထပ်မံဆွဲတင်ခဲ့ရာ ဩဂုတ်လ ၁၃ ရက်တွင် တစ်ဒေါ်လာ ကျပ် ၇၂၀၀ အထိရောက်ရှိခဲ့သည်။ ယနေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ တပ်မတော်အတွင်း အာဏာသိမ်းမှုမရှိခဲ့ဘဲ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ နိုင်ငံ့တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်နှင့် တစ်ရက်အတွင်း ကျပ် ၁၀၀၀ ပြန်ကျကာ တစ်ဒေါ်လာ ကျပ် ၆၀၀၀ ကျော်သို့ကျဆင်းခဲ့သည်။

ဒေါ်လာဈေးနှုန်း ဆွဲတင်ဈေးကစားခဲ့သော ပြီးခဲ့သည့် ဇူလိုင်လဆန်းမှစတင်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအထိ ဒေါ်လာဈေးကစားဆွဲတင်နေသော လူမှုကွန်ရက်စာမျက်နှာများတွင် ဒေါ်လာရာဂဏန်းမျှသာ အဝယ်ပြမှုရှိသော်လည်း ယနေ့တွင် ဒေါ်လာထောင်နှင့်ချီ ပြန်လည်ဝယ်ယူနေသည့်အပြင် ရောင်းချသူများကိုလည်း ၎င်းတို့ဖော်ပြထားသည့် ဈေးနှုန်းထက်လျှော့ချကာ ပြန်ဝယ်ယူနေခြင်းကို တွေ့ရှိရသည်။ ပြည်သူများအနေဖြင့်လည်း ထပ်မံကျဆင်းမည်ကို စိုးရိမ်၍ ကိုင်ထားသည့် ဒေါ်လာများကို ထုတ်ရောင်းနေသည်ကို တွေ့ရှိသည်။

ဝိသမလောဘသမားများအနေဖြင့် ဒေါ်လာဈေးနှင့် ရွှေဈေးဆွဲတင်ရုံဖြင့် အစိုးရပြုတ်ကျမည်ဆိုသော ညံ့ဖျင်းသောအတွေးအခေါ်ဖြင့် လိုချင်သည့်ဈေးနှုန်းအထိ ဆွဲတင်ကာ ၎င်းတို့၏ ဒေါ်လာများကို ထုတ်‌ရောင်းချခဲ့ပြီး မရသည့်အချိန်တွင် လန့်ဈေးဖြင့် ဈေးနှုန်းဆွဲချကာ ဒေါ်လာများကို ပြန်ဝယ်ပြီး အရောင်းအဝယ်နှစ်ခုလုံးတွင် အမြတ်ကြီးစား အကျိုးအမြတ်ရှာခဲ့ခြင်းကို တွေ့ရှိရမည်ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့ အမြတ်ကြီးစား ဆွဲတင်ရောင်းချထားသည့် ဒေါ်လာများကို ၎င်းတို့ ပိုင်ဆိုင်မှုအတွင်း ပြန်လည်ရောက်ရှိလာစေရန် ဈေးနှုန်းများ ထပ်မံကျဆင်းကာ ပြန်လည်ဝယ်ယူမည့် အခြေအနေဖြစ်သဖြင့် ဒေါ်လာဈေးနှုန်းသည် လက်ရှိဈေးနှုန်းထက် ထပ်မံကျဆင်းလာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တချို့က ခန့်မှန်းထားသည်။ ထို့အတူ တစ်ဒေါ်လာကို ကျပ် ၇၀၀၀ ကျော်ဖြင့် ရောင်းချနေသူများကိုလည်း ဖမ်းဆီးမှုရှိနေသည်ဟု သိရသည်။

ပြင်ပဈေးကွက်တွင် ယခုရက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် တစ်‌ဒေါ်လာဈေးနှုန်းမှာ ဩဂုတ် ၉ ရက်တွင် ကျပ် ၆၀၀၀၊ ဩဂုတ် ၁၀ ရက်တွင် ကျပ် ၆၁၀၀၊ ဩဂုတ် ၁၁ ရက်တွင် ကျပ် ၆၁၀၀၊ ဩဂုတ် ၁၂ ရက်တွင် ကျပ် ၆၄၀၀၊ ဩဂုတ် ၁၃ ရက်တွင် ကျပ် ၇၂၀၀ ဖြစ်ပေါ်ခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၆၀၀၀ ဝန်းကျင်သို့ ပြန်ကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *