၁၄.၈.၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်းအတွင်း တိုက်ကြီးနဲ့ အဖျောက်မြို့အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်တွေက မြစ်ချောင်းတွေကောတာနဲ့ အင်းပြတ်၊ ချောင်းတွေမှာ စီးပွားရေးအရ ပိတ်ဆို့အပြီး ငါးပုစွန်အစာအဖြစ် ဒိုက်တွေစိုက် ရေတားလုပ်ပစ်တာတွေကို သေချာမစိစစ်နိုင်တာက ရေဘေးဒုက္ခခံစားရတဲ့ ဧရိယာတွေကို တိုးသွားစေဖို့ ဖြစ်လာစေတဲ့ အကြောင်းအရင်းလို့ မအူပင်ခရိုင် အင်းမကျေးရွာထဲက ဒေသခံပညာတတ်လူငယ်တစ်ဦးက သူ့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားရာမှာ ကြုံတွေ့နေရတဲ့ အခြေအနေတချို့ကို MT News ကို ပြောပါတယ်။
အခုနှစ် မိုးတွင်းကာလအတွင်း အင်းမကျေးရွာအုပ်စုအပါအဝင် ဘောလယ်ကျွန်း၊ အဖျောက်၊ တိုက်ကြီး စတဲ့ မြို့တွေကို ဖြတ်သန်းစီးဆင်းရာတစ်လျှောက် ငါး၊ ပုစွန်ကန်တွေသာမက မွေးမြူထားတဲ့ ကျွဲ၊ နွားတိရိစ္ဆာန်တွေပါ ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံလူငယ်ကဆိုပါတယ်။
“တိုက်ကြီးရဲ့ အထက်မှာ ထန်းတပင်ဘက်မှာ ဘောလယ်ကျွန်းဆိုတာရှိတယ်။ ငါးမွေးတဲ့ ကန်တွေလည်း အများကြီးပဲ။ ပန်းလှိုင်မြစ်က နှစ်စဉ် သူကရေကြီးတယ်။ ရေတံခါးတွေလည်းရှိတယ်။ ဘောလည်ကျွန်းရဲ့ မြောက်ဘက်ခြမ်းဆို သာယာဝတီတို့ လက်ပံတန်းတို့ အဲ့ဒီဘက်ကနေတောက်လျှောက် လှိုင်မြစ်တစ်လျှောက်လုံးပေါ့ အဲဒီကနေ ရေဆင်းလာတာပါ။ ရေအတက်လည်း ကြမ်းတယ်။ တချို့နေရာတွေဆို ငါးကန်တွေဆို ရေဖုံးသွားလို့ ငါးတွေလည်း လွတ်ပြီး လမ်းပေါ်တောင် ပိုက်ချနေတာမျိုး ပိုက်တားတာမျိုးတွေ လုပ်ပြီး ဖမ်းနေကြတယ်။ တိုက်ကြီး ထန်းတပင် ဒီနေရာတွေက လှိုင်မြစ်ကြောင့်မို့ ရေကြီးတာပါ” လို့ ဒေသခံလူငယ်က ဆိုပါတယ်။
ဘောလည်ကျွန်းကို ပတ်ကာစီးဆင်းနေတဲ့ ဧရာဝတီမြစ်ဖြစ်တည်သွားနိုင်ဖို့ အထောက်အပံ့ပေးနေတဲ့ မြစ်မခမြစ်၊ အဲဒီကနေ ဘောလယ်အကျွန်းအကျော် ညောင်တုန်းမြို့အနီးမှာတော့ ပန်းလှိုင်မြစ် ထိုမှတဖန် လှိုင်မြစ်အဖြစ် အမည်ထပ်တွင်ပြီး အဲ့ဒီကနေ နောက်ဆုံး ပင်လယ်ထွက်ပေါက် ရန်ကုန်မြစ်ထဲကို စီးဝင်လာကြပေမယ့် အထက်မှာတော့ ဧရာဝတီမြစ်အဖြစ် ရှင်သန်လာတာပါ။
ရန်ကုန်မြစ်ဝမှာ ဒီရေတိုးရင် ရေစီးကြမ်းတဲ့ လှိုင်မြစ်က လှိုင်သာယာမြို့နယ်၊ နည်းပညာတက္ကသိုလ်အနီးကနေ ညောင်တုန်းပေါက်(ခေါ်) မဲဇလီပေါက်အထိ ကောနေတဲ့ ပန်းလှိုင်မြစ်ရေကို မြင့်တက်စေသလို မြစ်မခမြစ်အဖြစ် ရှင်သန်ရအခါမှာလည်း တိုက်ကြီး၊ အဖျောက်တစ်ကြော တချို့နေရာမှာ မြစ်ကြမ်းပြင်မြင့်တက်ပြီး ကောနေတာ၊ မြစ်လမ်းကြောင်းမမှန်တော့ဘဲ မြေနုကျွန်းတွေပေါ်လာတဲ့အပေါ် စိုက်ပျိုးရေးအရအသုံးချပြီး နေရာချဲ့ထွင်လာတာတွေက အခုလို မိုးရာသီအချိန်မှာတော့ နှစ်စဉ်ကြုံနေကြနေရာတွေမှာ ရေဘေးအန္တရာယ်ကို ဆိုးရွားစွာကြုံတွေ့ရပြီး၊ အရင်ကဆို ပုံမှန်ရေဝင်လေ့မရှိတဲ့နေရာတွေအထိ ရေဘေးဧရိယာ ကျယ်ပြန့်လာတာလို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာနေသူ ဦးဝင်းနိုင်က ရှင်းပြပါတယ်။
ဦးဝင်းနိုင်က “ရန်ကုန်ရဲ့ အနောက်ဘက်ကနေပတ်ပြီး လှိုင်မြစ်ကစီးပြီးတော့ ပဲခူးမြစ်နဲ့ပါဆုံပြီး ရန်ကုန်မြစ်ဝကနေ ပင်လယ်ဝကို ထွက်သွားတာပေါ့။ လှိုင်မြစ်က ဒီရေတက်နေတဲ့အချိန် ပဲခူးဘက် လက်ပံတန်း၊ သာယာဝတီဘက်မှာ မိုးများတာနဲ့ ကြောင့်မို့ လှိုင်မြစ်မှာတောက်လျှောက်ရေတိုးတယ်။ လှိုင်မြစ်က မိုးများရင် အရှိန်နဲ့ အဟုန်နဲ့ ဆင်းလာတတ်တယ်။ အခုလောလောဆယ်မှာကတော့ မြစ်တွေအကုန်လုံးက မြန်မာပြည်ရဲ့ စိုးရိမ်ရေမှတ်အောက်ကို ရောက်နေကြပါပြီ” လို့ MT News ကို ပြောပါတယ်။
မေလအကုန် ဇွန်လလောက်ကနေ စတင်ပြီး ပထမ ရေကြီးကာလအဖြစ်စတင်တဲ့ အချိန်က ဩဂုတ် ၃၁ ရက်မှာ မိုးလည်ပိုင်းကာလ ကုန်ပြီမို့ ရေပြန်လည်ကျဆင်းလာပေမယ့် စက်တင်ဘာကနေ အောက်တိုဘာလအတွင်း မိုးနှောင်းရာသီချိန်မှာ မိုးများနိုင်သေးကြောင်း၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်လာနိုင်သေးပြီး မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အာရေဗျပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ဘက်ကလည်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ကာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး အဲဒီအခြေအနေတွေနဲ့ ဆက်စပ်ကာ မိုးများနိုင်ကြောင်း၊ မိုးလွန်ကာလ ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်နောက်ပိုင်းမှာလည်း မိုးများနိုင်သေးတယ်လို့ မိုးလေဝသနဲ့ ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာနေသူ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။
“ဒီနှစ်က လာနီဖြစ်စဉ်က စောင့်ကြည့်နေဆဲပါ။ ၈၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ တကယ် ဖြစ်မယ် မဖြစ်ဘူးက နိုဝင်ဘာလောက်ဆို ကျွန်တော်တို့ သိမယ်။ လာနီညာဖြစ်လာရင် သူက အေးမြစိုစွတ်တဲ့ အနေအထား အယ်လ်နီညိုနဲ့ ပြောင်းပြန်ပေါ့။ ဒါတွေဖြစ်လာရင် ရာသီဉတုဖောက်ပြန်တာတွေက ပိုဆိုးလာနိုင်တယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အတွင်းမှာ မုန်တိုင်းလေဖိအားနည်းရပ်ဝန်းတွေ ထပ်ဖြစ်လာနိုင်ပြီး ရေကြီးကာလ တစ်ခု ထပ်ကြုံနိုင်တာပေါ့” လို့ ဦးဝင်းနိုင်က ဆက်လက်ပြောပါတယ်။