September 20, 2024

၁၄. ၈. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်အတွင်း အလုပ်သင်ဆရာဝန်အမျိုးသမီးတစ်ဦးမှာ မတရားပြုကျင့်ခံရကာ သတ်ဖြတ်မှုခံခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ထောင်နှင့်ချီသောဆရာဝန်များက ကျန်းမာရေးလုပ်သားများအတွက် ပိုမိုကောင်းမွန်သော ကာကွယ်မှုပြုလုပ်ပေးရန်တောင်းဆိုကြသည့်အနေဖြင့် ဩဂုတ်လ ၁၂ ရက်မှစ၍ နိုင်ငံတစ်ဝန်း ဆန္ဒပြလျက်ရှိကြကြောင်း သိရသည်။

အဆိုပါ မတရားပြုကျင့်အသတ်ခံရသည့် အမျိုးသမီးအလုပ်သင်ဆရာဝန်၏အလောင်းကို ကိုလ်ကတ္တားမြို့ RG Kar ဆေးကောလိပ်နှင့် ဆေးရုံတို့ရှိ ဆွေးနွေးပွဲခန်းမတွင် ထိခိုက်ဒဏ်ရာများနှင့် မတရားပြုကျင့်ခံရမှု ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုအမှုနှင့်ပတ်သက်၍ သံသယရှိရသူတစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ဩဂုတ်လ ၁၂ ရက်တွင် ပြည်နယ်များစွာရှိ ဆေးဘက်ဆိုင်ရာအသင်းများက ၎င်းတို့အနေဖြင့် ထိုအမှုအတွက် တရားရုံးများမှတစ်ဆင့် လျင်မြန်စွာခြေရာခံလိုက်ရန်နှင့် ကျန်းမာရေးလုပ်သားများအတွက် အကာအကွယ်ပေးမည့် ကော်မတီတစ်ရပ် ထူထောင်ပေးရန် တောင်းဆိုထားသောကြောင့် အစိုးရဆေးရုံများရှိ ဆရာဝန်များအနေဖြင့် ရွေးချယ်ထားသော လုပ်ငန်းများအားလုံးကို ပံ့ပိုးမှု အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရန် တိုက်တွန်းခဲ့ကြသည်။

FORDA ဆရာဝန်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆာဗက်ရှ်ပန်ဒီက နိုင်ငံတစ်ဝန်း ဆရာဝန် ၃၀၀,၀၀၀ ခန့် ဆန္ဒပြမှုတွင် ပါဝင်နေကြပြီး ဩဂုတ်လ ၁၃ ရက်တွင်မူ ပို၍အင်အားများပြားလာမည်ဟုမျှော်လင့်ကြောင်း ပြောခဲ့သည်။ ကိုလ်ကတ္တားမြို့နှင့် နယူးဒေလီမြို့ရှိ ဆရာဝန်များ၏ဆန္ဒပြပွဲများတွင် “ဆရာဝန်များ၏ ဘဝကိုကာကွယ်ပါ၊ ဆရာဝန်များ၏အနာဂတ်ကိုကာကွယ်ပါ” ဟုရေးထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှည့်လည်ခဲ့ကြသည်ကို တွေ့ရသည်။

၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ အိန္ဒိယနိုင်ငံရှိ ဆရာဝန်များ၏ ၇၅ ရာခိုင်နှုန်းက အကြမ်းဖက်ခံရမှုတစ်မျိုးမျိုးနှင့် ကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။ ဆရာဝန်များက စိတ်ဆိုးမကျေမနပ် ဖြစ်နေသော လူနာများ(သို့မဟုတ်) လူနာမိသားစုဝင်များထံမှ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုများကိုလည်းအလေးထား ပြောကြားခဲ့ကြသည်။

ရာဇဝတ်မှု မှတ်တမ်းဗျူရို၏ လေ့လာချက်များအရ ၂၀၂၂ ခုနှစ်အတွင်းတွင် အိန္ဒိယနိုင်ငံ၌ မတရားပြုကျင့်မှု စုစုပေါင်း ၃၁,၅၁၆ မှုဖြစ်ပွားခဲ့ရာ တစ်နေ့လျှင် ၈၆ မှုဖြစ်ပွားနေကြောင်း သိရသည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *