September 20, 2024

၁၄. ၈. ၂၀၂၄
Written by Nyein Kyaw

တပ်မတော်အတွင်း အာဏာသိမ်းလိုက်ပြီဆိုသော သတင်းမှာ ကောလာဟလသာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်နေဆဲဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ယနေ့တွင် တုံ့ပြန်ဖြေကြားထားသည်။

အာဏာသိမ်းလိုက်ပြီဆိုသော ကောလာဟလများ လူမှုကွန်ရက်ပေါ် ဩဂုတ် ၁၃ ရက်(ယမန်နေ့)က ပျံ့နှံ့လာမှုများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ်နေမှုများရှိခဲ့ပြီး အဆိုပါဖြစ်စဉ် မှန်/မမှန်အား စိတ်ဝင်စားမှု မြင့်တက်နေခြင်းကြောင့် မီဒီယာများ၏ မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ ပြန်လည်ဖြေကြားချက် အပြည့်အစုံမှာ “တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလများကို အကောင့်တုများ၊ ပြည်ဖျက်မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ပါသည်။ လက်ရှိ လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသည့်သတင်းများနှင့်ပတ်သက်၍ Captain Seagull Facebook အကောင့်ကနေစပြီး ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ အဲဒီကနေတစ်ဆင့် ပြည်တွင်း၊ပြည်ပလောက်ကောင်များရဲ့ Facebook အကောင့်အတု တွေအပြင် ပြည်ဖျက်မီဒီယာအချို့ကနေ ပြည်သူလူထုစိုးရိမ်မှုရှိအောင် အင်တိုက်အားတိုက် ဖြန့်ဝေခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု ပြန်လည်ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *