September 20, 2024

၁၄. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆန္ဒပြမှုများအတွင်း ဒက်ကာမြို့၊ မိုဟမ်မက်ပူနယ်မြေ၌ ဇူလိုင်လ ၁၉ ရက်က ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ကုန်မျိုးစုံဆိုင်ပိုင်ရှင် အဘူဆာရက် သေဆုံးခဲ့ရမှု၌ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် အခြားသောခြောက်ဦးတို့အား ဩဂုတ်လ ၁၃ ရက်တွင် လူသတ်မှုဖြင့် ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ရုံးက တရားစွဲအမှုဖွင့်ခဲ့ကြောင်း သိရသည်။

ရှိတ်ဟာစီနာနှင့်အတူ လူသတ်မှုဖြင့် အမှုဖွင့်ခံရသူခြောက်ဦးမှာ အဝါမီလိဂ်ပါတီအထွေထွေအတွင်းရေးမှူး အိုဘေဒူလ်ကွေဒါ၊ ပြည်ထဲရေးဝန်ကြီးဟောင်း အဆာဒပ်ဇ်အမန် ခန်ကာမယ်လ်၊ ရဲတပ်ဖွဲ့စစ်ဆေးရေးမှူးချုပ်ဟောင်းချောင်ဒူရီ အဗ္ဗဒူလာ မာမွန်၊ ရဲတပ်ဖွဲ့၏ ထောက်လှမ်းရေးတပ်ဖွဲ့ခွဲ အကြီးအကဲဟောင်း ဟာရွန် အိုရာရှစ်၊ ဒက်ကာမြို့ရဲတပ်ဖွဲ့ မဟာမင်းကြီးဟောင်း ဟာဘီဘာရာမန်နှင့် ဒက်ကာမြို့ ရဲတပ်ဖွဲ့ ပူးတွဲမဟာမင်းကြီးဟောင်း ဘီပလော့ ကူမာဆာကာတို့ဖြစ်ကြကြောင်း သိရသည်။

ထို့ပြင် အမည်မဖော်ပြသော အဆင့်မြင့်ရဲအရာရှိများနှင့်အစိုးရအရာရှိများမှာလည်း ထိုကဲ့သို့ပင် လူသတ်မှုဖြင့် စွပ်စွဲခံရကြောင်း သိရသည်။ ထိုအမှုက ရှိတ်ဟာစိနာ ဩဂုတ်လ ၅ ရက်တွင် ရာထူးမှနုတ်ထွက်၍ အိန္ဒိယနိုင်ငံသို့ထွက်ပြေးခဲ့ပြီးနောက် ၎င်းအပေါ် ပထမဆုံး အမှုဖွင့်တရားစွဲမှုပြုခြင်းလည်းဖြစ်သည်။

ထိုအမှုကို မိုဟမ်မက်ပူနယ်မြေ၌ နေထိုင်သူတစ်ဦးဖြစ်သည့် အမာဟမ်ဇာ ရှာတီးလ်က ဒက်ကာမြို့၏ ရာဇဝတ်တရား သူကြီး ရာဂျစ်ချောင်ဒူရီထံတွင် အမှုဖွင့်ခဲ့ခြင်းလည်းဖြစ်သည်။ တိုင်ကြားချက်တွင် ဇူလိုင်လ ၁၉ ရက် ညနေ ၄ နာရီအချိန် ရဲတပ်ဖွဲ့ဝင်များက ဦးတည်ချက်မရှိ ဆန္ဒပြကျောင်းသားများနှင့် အရပ်သားပြည်သူများအား အရမ်းကာရော ပစ်ခတ်ရာတွင် ကုန်မျိုးစုံဆိုင်ပိုင်ရှင် အဘူဆာရက်မှာ ကျည်ထိမှန် သေဆုံးခဲ့၍ဟု ရှာတီးလ်က ပြောခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက ပြည်ထဲရေးဝန်ကြီးနှင့် ရဲတပ်ဖွဲ့စစ်ဆေးရေးမှူးချုပ်ဟောင်းတို့၏ အမိန့်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟုလည်း ပြောကြားခဲ့သည်။

Ref- Daily Star

Leave a Reply

Your email address will not be published. Required fields are marked *