September 20, 2024

၁၄.၈.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ အုတ်ကျင်းမှတ်တိုင်အနီးတွင် သြဂုတ်လ ၁၃ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ကွန်တိန်နာယာဥ်တစ်စီး အရှိန်လွန်၍ YBS- ၄၀ ခရီးသည်တင်ယာဥ်ကို ဝင်တိုက်ပြီးနောက် ဓာတ်တိုင်ကို ထပ်မံတိုက်မိရာမှ ကွန်တိန်နာယာဥ်မောင်းသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကွန်တိန်နာကားက YBS – ၄၀ ယာဥ်ကို အရင်ဝင်တိုက်တာ။ အဲ့ဒီကနေ ချော်ထွက်ပြီး ဓာတ်တိုင်ကို ဝင်တိုက်တာ။ ကွန်တိန်နာကား​နဲ့ ဓာတ်တိုင်တိုက်တာ လူက မှန်ကနေကျွံပြီး တွဲလောင်းကျ ညပ်နေတာ”ဟု မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် အသက် ၂၄ နှစ်ခန့်အရွယ် ကွန်တိန်နာယာဥ်မောင်းမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အသက် ၄၃ နှစ်အရွယ် YBS – ၄၀ ယာဥ်မောင်း အမျိုးသားတွင် မှန်ကွဲရှဒဏ်ရာများ ရရှိခဲ့​ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကို မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင် ၇ ဦးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသားကို မြေပြင်ပြုစုကုသမှုပြုလုပ်ပေးကာ ရန်ကုန်ဆေးရုံကြီးသို့လည်းကောင်း၊သေဆုံးသူ အမျိုးသားကိုလည်း ရန်ကုန်ဆေးရုံ​ကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *