September 20, 2024

၁၄. ၈. ၂၀၂၄
Written by Thettant

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုတွင် လုယက်သတ်ဖြတ်သူနှစ်ဦးက သေဆုံးသူတို့၏သားနှင့် သောက်ဖော်စားဘက်ဖြစ်ပြီး ငွေကြေးလိုအပ်၍ နေအိမ်တွင် သားဖြစ်သူနှင့်အနူ လိုက်ပါစားသောက်စဥ် သူငယ်ချင်းဖြစ်သော သားဖြစ်သူအပြင် မိဘနှစ်ပါးကိုပါ သတ်ဖြတ်၍ လက်ကိုင်ဖုန်းလေးလုံးနှင့် မော်တော်ယာဉ်တစ်စီး လုယက်ယူဆောင်ခဲ့သည်ဟု ဖမ်းမိ တရားခံနှစ်ဦး၏ ဝန်ခံချက်အရ သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်း၊ အကွက်အမှတ် (၅၉၅၈) နေ ဦးသန်းနိုင်ထွန်း (၄၉) နှစ်၏ နေအိမ်၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ ဦးသန်းနိုင်ထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စောသန္တာဦး (၄၈) နှစ်နှင့် သားဖြစ်သူ ကိုနောင်ရွှေအုပ်စိုး (၂၉) နှစ်တို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အဆိုပါနေအိမ်ရှိ YGN-36 5E/9185 Ractis အမျိုးအစား ခဲရောင်မော်တော်ယာဉ်မှာ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဘုရားကုန်းမြို့မရဲစခန်း (ပ)၃၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၃၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် အခင်းဖြစ်ရပ်မှတ်တမ်းအထောက်အထားများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ လုံခြုံရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများမှ သတင်းအချက်အလက်များရယူဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက်နေ့တွင် အဆိုပါ YGN-36 5E/9185 Ractis ခဲရောင်မော်တော်ယာဉ်အား ပျဉ်းမနားမြို့၊ ပေါင်းလောင်း (၂) ရပ်ကွက်ရှိ ရွှေပေါင်းလောင်း တည်းခိုခန်းအနီး လမ်းမပေါ်တွင် တွေ့ရှိသိမ်းဆည်းရမိခဲ့၍ ပြစ်မှုကျူးလွန်သူတရားခံများအား ကွင်းဆက်မပြတ်ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူတရားခံဖြစ်သည့် ဝင်းမင်းသူ (ခ) ဖိုးလပြည့် (ခ) ဇော်ဇော် (၁၉) နှစ် (ဘ) ဦးကျော်သူ၊ ချောင်းစောက်ကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်နေသူအား ဩဂုတ်လ ၁၂ ရက်နေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့မှ ချောက်မြို့သို့ထွက်ခွာလာသည့် မြသရဖူ ခရီးသည်တင်ယာဉ်ပေါ်၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဝင်းမင်းသူ (ခ) ဖိုးလပြည့် (ခ) ဇော်ဇော်၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သူ တရားခံ ရဲထက်ကျော် (၁၉) နှစ် (ဘ) ဦးကျော်အေး၊ ဥတ္တရသီရိရပ်ကွက်၊ ဥတ္တသီရိမြို့နယ်နေသူအား ယင်းနေ့ ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြာအင်း (အနောက်) ကျေးရွာ၌ လူသတ်မှုကျူးလွန်၍ လုယက်ယူဆောင်ခဲ့သည့် လက်ကိုင်ဖုန်းနှစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဝင်းမင်းသူ (ခ) ဖိုးလပြည့် (ခ) ဇော်ဇော်နှင့် ရဲထက်ကျော်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် သေဆုံးသူ နောင်ရွှေအုပ်စိုးနှင့် မိတ်ဆွေသူငယ်ချင်းများဖြစ်ကြပြီး နောင်ရွှေအုပ်စိုးမှာ မူးယစ်ဆေးဝါးသုံးစွဲလေ့ရှိသူဖြစ်ကြောင်း၊ နောင်ရွှေအုပ်စိုး၏နေအိမ်၌ ၎င်းတို့နှစ်ဦးနှင့်အတူ မကြာခဏ အရက်နှင့်ထန်းရည်အတူသောက်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြောင်း၊ တရားခံ ရဲထက်ကျော်မှာ ဆိုင်ကယ်အသစ်ဝယ်ယူရန်အတွက် ငွေကြေးလိုအပ်နေသဖြင့် သူငယ်ချင်းဖြစ်သူ နောင်ရွှေအုပ်စိုးတို့မိသားစုအားသတ်ဖြတ်ပြီး ၎င်းတို့ပိုင် မော်တော်ယာဉ်အား ရောင်းချပါက ငွေများရရှိနိုင်ကြောင်း၊ ရောင်းချငွေများအား ၎င်းတို့နှစ်ဦးမှ တစ်ဝက်စီခွဲဝေယူရန် တိုင်ပင်ခဲ့ကြပြီးနောက် ဩဂုတ်လ ၈ ရက်နေ့ ည ၇ နာရီတွင် နောင်ရွှေအုပ်စိုး၏ နေအိမ်သို့သွားရောက်၍ အရက်အတူသောက်စားခဲ့သည်။ ထို့နောက် နောင်ရွှေအုပ်စိုးနှင့် ၎င်း၏မိဘများဖြစ်သည့် ဦးသန်းနိုင်ထွန်း၊ ဒေါ်စောသန္တာဦးတို့သုံးဦးအား အသင့်ယူဆောင်လာသည့် သစ်သားတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ်သတ်ဖြတ်ခဲ့ကာ နေအိမ်ရှိ လက်ကိုင်ဖုန်းလေးလုံး၊ YGN-36 5E/9185 Ractis အမျိုးအစား ခဲရောင်မော်တော်ယာဉ်တစ်စီးတို့အား ယူဆောင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရသည်။

ဖြစ်စဉ်တွင် တရားခံများဖြစ်ကြသည့် ဝင်းမင်းသူ (ခ) ဖိုးလပြည့် (ခ) ဇော်ဇော်နှင့် ရဲထက်ကျော်တို့သည် ငွေကြေးလိုအပ်ချက်အရ သူငယ်ချင်းဖြစ်သူနှင့် ၎င်း၏မိဘများအားသတ်ဖြတ်ကာ လုယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *