September 20, 2024

၁၃.၈.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စီးပွားရေးအချက်အချာ ကျကာ တက္ကသိုလ်ပါရှိသော တောင်ကုတ်မြို့ကို လာမည့် သြဂုတ်လ ၂၀ ရက်တွင် AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ဝင်သိမ်းမည်ဟု တောင်ကုတ်မြို့ပေါ်တွင် သတင်းထွက်ပေါ်နေသည်။

“မြို့မှာ ကျန်တဲ့သူတွေက အသက်ကြီးပိုင်းနဲ့ ငွေကြေးမတတ်နိုင်သူတွေ။ ပြီးတော့ အမျိုးသားတွေပဲ ကျန်တာ။ အခု မြို့မှာ တော်တော်များ အိမ်တွေ အားလုံးပိတ်ပြီး ရန်ကုန်၊ ပြည်နဲ့ ဧရာဝတီတိုင်းဘက်က မြို့တွေမှာ တိမ်း ရှောင်နေကြတယ်။ ပြီးခဲ့တဲ့ ၇ လ ပိုင်းလောက်ကပဲ။ တော်တော်များများ မရှိတော့ဘူး။ မနေ့က စပြီးတော့ ပြောနေတာက ဒီလ(သြဂုတ်လ) ၂၀ ရက်နေ့မှာ မြို့ကို AA က ဝင်သိမ်းမယ်တဲ့။ သတင်းက တိကျပါတယ်။ကျွန်တော်တို့ စိုးရိမ်တာက တပ်ဖက်ကလည်း ဒီအတိုင်း နေမှာမဟုတ်ဘူးလေ။ ဒါကြောင့် မြို့ပျက်သွားမှာကို စိုးရိမ်နေပါတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက MT News ကို ယနေ့ သြဂုတ်လ ၁၃ ရက်က ပြောသည်။

လက်ရှိတွင် တောင်ကုတ်မြို့ကို AA က ဝိုင်းရံ ပိတ်ဆို့ထားကြောင်းနှင့် ယနေ့ သြဂုတ်လ ၁၃ ရက်တွင် Y-12 လေယာဉ်များလည်း မြို့ပေါ်တွင် အကြိမ်ကြိမ် ပျံသန်းနေသည်ကို တွေ့ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“AA က မြို့ကို သိမ်းမယ်လို့ ပြောနေတာက စိုးရိမ်စရာကောင်းပါတယ်။ သူတို့ သိမ်းခဲ့တယ် ဆိုတဲ့ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင် အဲဒီမြို့တွေကို ကြည့်ရင် သိသာပါတယ်။ မြို့ပျက်စီးတာမျိုး မဖြစ်စေချင်ဘူး။ သူတို့သိမ်းတယ်ဆိုတဲ့မြို့တွေကိုလည်းကြည့်။ ခုထိ ဘာမှ လုပ်လို့မရဘူးလေ။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတိုင်းဟာ ရခိုင်ဆိုပေမဲ့ AA ကို မကြိုက်သူတွေ အများကြီး။ ဒါကို ထုတ်ဖော်ပြောရင် AA ကို ကြောက်နေရတယ်။ ကျွန်တော်တို့ မြို့နယ်အနီးဝန်းကျင်က ရွာတွေဆိုရင် အိမ်တစ်အိမ်ကို AA ၃ ယောက်စာ ထမင်းချက်ပြီးပို့ နေကြရတယ်။ ဒီခေတ် ဒီကာလမှာ ကိုယ်တောင် စားစရာမရှိလို့ ငတ်လုနီးပါး ဖြစ်နေပြီ။တချို့တွေဆိုရင် ထမင်း မစားရတာတောင် ရှိတယ်။ အခုကတော့ သူတို့ကိုပါ ထမင်းချက်ပြီး ပို့နေရတယ်။ လူငယ်တွေဆိုရင် လက်နက် ထမ်းရတယ်။ မထမ်းရင် အဲဒီလူတွေကို စာရင်းမှတ်ထားတယ်လို့ ပြောတယ်။ ဒါကြောင့် လူငယ်တွေ မလုံခြုံဘူး။ နောက်တစ်ခုက စစ်ရှောင်တဲ့အနေနဲ့ ရန်ကုန်ကိုလာမယ်ဆိုရင်လည်း ရခိုင်ရိုးမမှာရှိတဲ့ AA စစ်ဆေးရေးဂိတ်တွေက မသွားရဘူး။ တပ်က သွားခွင့်ပြုလို့ ရှေ့ကိုဆက်သွားလို့ ရပေမဲ့ AA ဂိတ်တွေ ရောက်ရင် ပြန်လာရတဲ့ သူတွေချည်းပဲ”ဟု တောင်ကုတ်မြို့ခံတစ်ဦးက MT News ၏ ဆက်သွယ်မေးမြန်းချက်အပေါ် ပြောပြသည်။

ယခုအခါ တောင်ကုတ်မြို့တွင် လူဦးရေ တစ်ဝက်ခန့်မှာ စစ်ရှောင်သွားပြီ ဖြစ်၍ ကျန်ရှိသော တစ်ဝက်ခန့်မှာ တောင်ကုတ်မြို့ကို သိမ်းမည်ဟု ကြားသိနေရသော သတင်းများကြောင့် အထုပ်အပိုးပြင်ဆင်၍ အသင့်အနေအထား နေထိုင်နေရကြောင်း သိရသည်။

AA လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အနေဖြင့် သံတွဲမြို့နယ်၊ ငပလီမြို့နယ်ခွဲတို့အတွင်း ထိုးစစ်ဆင်ပြီးနောက် လက်ရှိတွင် ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်တို့တွင် ထိုးစစ်ဆင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *