September 20, 2024

၁၃.၈.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံတွင် သင်္ဘောကျင်းပေါက်ကွဲ၍ သေဆုံးခဲ့သော မြန်မာအလုပ်သမား ၂ ဦးအတွက် တစ်ဦးလျှင် ဘတ်ငွေ ၈ သိန်းကျော် နစ်နာကြေး ရရှိမည် ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများအရသိရသည်။

သေဆုံးခဲ့ရသူ မြန်မာအလုပ်သမား ၂ ဦးမှာ အသက် ၂၀ နှစ်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ ကိုကျော်မြတ်သူနှင့် ကိုဝင်းထွန်းကိုတို့ဖြစ်ပြီး လုပ်သက်အလိုက် ကိုကျော်မြတ်သူအတွက် နစ်နာကြေး ဘတ်ငွေ ၈၃၃၀၃၆၊ ကိုဝင်းထွန်းကိုအတွက် နစ်နာကြေး ဘတ်ငွေ ၈၁၄၄၀၀ တို့ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဘန်ဆိုင်မြို့နယ်၊ စနမ်ချိုင်ကျေးရွာ သင်္ဘောကျင်း၌ ဝရိန်ဆော်နေစဉ်ချိန် ပေါက်ကွဲမှု ဖြစ်ပွားကာ မြန်မာအလုပ်သမား ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများ၏ ဖော်ပြရေးသားချက်များကို ကိုးကား၍ MT News က သတင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုကယ်ဆယ်ရေးအဖွဲ့များက အယုဒ္ဒဆေးရုံသို့ပို့ ဆောင်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများထဲမှ ၁ ဦးမှာ စိုးရိမ်ရသည့်အခြေအနေမှ ကျော်လွန်ပြီ ဖြစ်ကြောင်းသိရသော်လည်း ထိခိုက်ဒဏ်ရာ ရသူများအတွက်မူ နစ်နာကြေး မည်မျှ ပေးမည်ကို မသိရသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *