MT News
၁၃. ၈. ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာရှိ နေအိမ်တစ်လုံးအတွင်း ဝင်ရောက်၍ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ကာ စုစုပေါင်းငွေကျပ် ၉၈၇ သိန်းတန်ဘိုးရှိ ရွှေထည်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများ၊ ငွေများနှင့် မြေအရောင်းအဝယ်စာချုပ်အား လုယက်မှုကျူးလွန်သူ တရားခံ ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ယခုညထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သူဌေးကွင်း ကျေးရွာနေ ဒေါ်သန်းသန်းဆင့်(ခ)မအကြီးမ(၄၉)နှစ်သည် မိသားစုများအလုပ်ကိုယ်စီ သွားနေစဉ် နေအိမ်၌ တစ်ဦးတည်းကျန်ရှိခဲ့ပြီး မောင်ဖြစ်သူ ကိုမင်းအောင်ကျော် အလုပ်မှ နေအိမ်သို့ ည ၆ နာရီခွဲခန့်အချိန် ပြန်လည်ရောက်ရှိစဉ် အစ်မဖြစ်သူ ဒေါ်သန်းသန်းဆင့်(ခ)အကြီးမမှာ နေအိမ်အိပ်ခန်းအတွင်း ကုတင်ဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေပြီး နေအိမ်ဗီရိုနှစ်လုံး အတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သားနှင့် ငွေကျပ်သိန်း ၃၀၀၊ လက်ကိုင်ဖုန်း ၃ လုံး၊ မြေအရောင်းအဝယ်စာချုပ် ၁ စောင်၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၉၈၇ သိန်းခန့်ပျောက်ဆုံးလျက်ရှိကြောင်း တွေ့ရှိရသဖြင့် တိုင်ကြားရာ သန်လျင်မြို့မရဲစခန်းက (ပ) ၂၉၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်လှစ်၍ တရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။
အထက်ပါဖြစ်စဉ်မှ တရားခံများဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးဖော်ထုတ်ခဲ့ရာ နေအိမ်အတွင်း ဝင်ရောက်ကာ သတ်ဖြတ်လုယက်မှုအား ပူးပေါင်းကျူးလွန်သူ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာ(အရှေ့ပိုင်း)၊ ရွှေနှင်းဆီလမ်းနေသူများ ဖြစ်ကြသည့် အောင်အောင်ဦး(ခ)မှဲ့ကြီး(၂၃)နှစ် (ဘ)ဦးနိုင်လင်း၊ သန်းဇော်ထွေး(ခ)မိုးဒီ (၂၁)နှစ် (ဘ)ဦးနိုင်လင်း၊ အောင်ခန့်ဇော်(ခ) ဖားကြီး(၂၄)နှစ် (ဘ)ဦးအောင်မြင့်နှင့် ဟိန်းကိုကို(ခ) ဟိန်းကို(ခ)ကပ္ပလီ(၂၆)နှစ် (ဘ)ဦးမြင့်နိုင်တို့ ၄ ဦးအား ဩဂုတ်လ ၉ ရက်နေ့တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ သတ်ဖြတ် လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အောင်အောင်ဦး(ခ)မှဲ့ကြီးသည် သေဆုံးသူ ဒေါ်သန်းသန်းဆင့်(ခ)မအကြီးမအား အကြွေးများမပေးဆပ်လိုခြင်းနှင့် လောင်းကစားပြုလုပ်ရာမှ ငွေကြေးလိုအပ်မှုများရှိနေသောကြောင့် ဒေါ်သန်းသန်းဆင့်(ခ)မအကြီးမ၏နေအိမ်အတွင်း ဝင်ရောက် သတ်ဖြတ်လုယက်ရန် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ တရားခံများနှင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ကြိုတင်တိုင်ပင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း၊အခင်းဖြစ်နေ့တွင် အောင်အောင်ဦး(ခ)မှဲ့ကြီးနှင့် အောင်ခန့်ဇော်(ခ) ဖားကြီးတို့နှစ်ဦးသည် ဒေါ်သန်းသန်းဆင့်(ခ)မအကြီးမ၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဒေါ်သန်းသန်းဆင့်အား အောင်ခန့်ဇော်(ခ)ဖားကြီးမှ ချုပ်နှောင်ပေးပြီး အောင်အောင်ဦး(ခ)မှဲ့ကြီးမှ လည်ပင်းညှစ်၍ သတ်ဖြတ်ကာ နေအိမ်ဗီရိုနှစ်လုံးအတွင်းမှ စုစုပေါင်းငွေကျပ် ၉၈၇ သိန်းတန်ဘိုးရှိ ရွှေထည်ပစ္စည်း များ၊ လက်ကိုင်ဖုန်းများ၊ ငွေများနှင့် မြေအရောင်းအဝယ်စာချုပ် ၁ စောင်တို့အား လုယက် ယူဆောင်ခဲ့ကြကြောင်း၊ လုယက်ပြီးနောက် နေအိမ်အနီးတွင် အခြေအနေစောင့်ကြည့်ပေးနေသူ ဟိန်းကိုကို(ခ) ဟိန်းကို(ခ)ကပ္ပလီအား ခေါ်ဆောင်ကာ အောင်သပြေလမ်း၊ ချောင်းကူးတံတားအနီးတွင် အသင့် စောင့်ဆိုင်းနေသည့် သန်းဇော်ထွေး(ခ)မိုးဒီမောင်းနှင်သော BGO-11 5N/6631 BONGO အမျိုးအစား မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ လူသတ်လုယက်မှုကျူးလွန်ခဲ့သူ အောင်အောင်ဦး (ခ)မှဲ့ကြီးပါ တရားခံ ၄ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း၍ ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများနှင့် ပူးပေါင်းကာ အခင်းဖြစ်ပွားပြီးချိန်မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။