September 20, 2024

၁၃. ၈. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံရဲ့ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သောအပတ်အတွင်းက အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ဘင်္ဂါလီဒုက္ခသည်ရာနဲ့ချီလို့ မြန်မာနိုင်ငံမှ ထွက်ပြေးဖို့ကြိုးစားနေစဉ် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြတာက နိုင်ငံမဲ့ ဘင်္ဂါလီလူမျိုးစုတွေကို မျိုးသုဉ်း သတ်ဖြတ်မှုတွေပြုလုပ်လာလေမလားလို့ စိုးရိမ်မှုတွေမြင့်တက်လာတယ်လို့ စီအန်အန် သတင်းဌာနက ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာတက်လာတဲ့ ဗီဒီယိုတွေအရ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုခြားထားတဲ့ နတ် မြစ်ရဲ့ ရွှံ့နွံမြစ်ကမ်းပါးတွေပေါ်မှာ သေဆုံးနေတဲ့ ဘင်္ဂါလီလူမျိုးတွေရဲ့ အလောင်းတွေပျံ့နှံ့နေတာ တွေ့ ကြရပါတယ်။

ဗီဒီယိုတစ်ခုမှာတော့ ရခိုင်ပြည်နယ်အတွင်း မောင်းတောမြို့ရဲ့ နတ်မြစ်ကမ်းပါးပေါ်က မြို့မရပ်ကွက်ရဲ့ အနောက်ဘက်အစွန်းမှာ သွေးအလူးလူးနဲ့ ရွှံ့နွံလမ်းကြောင်းအတိုင်း လမ်းလျှောက်နေတဲ့ ငိုကြွေးနေတဲ့ လူတစ်ယောက်ကို တွေ့ကြရပါတယ်။ သူ့နားက သဲသောင်ပြင်၊မြက်ခင်းတွေပေါ်နဲ့ ရေအိုင်တစ်ခုထဲမှာတော့ အမျိုးသား၊အမျိုးသမီးနဲ့ ကလေးတွေပါ သေဆုံးနေတဲ့ အလောင်းတွေကို တွေ့ကြရပြန်ပါတယ်။ သူတို့ပိုင် အဝတ်အစားတွေ၊ ပစ္စည်းတွေကလည်း အနားတစ်ဝိုက်မှာ စုပုံပြန့်ကျဲနေပါတယ်။

မျက်မြင်တွေ့ရှိသူတွေနဲ့ ဘင်္ဂါလီတက်ကြွလှုပ်ရှားသူတွေကတော့ ဩဂုတ်လ ၅ ရက်မှာ သူတို့တွေဟာ တိုက်ပွဲတွေ၊အကြမ်းဖက်မှုတွေကြောင့် မောင်တောမြို့နယ်အတွင်း သူတို့ရဲ့ကျေးရွာက ထွက်ပြေးလာကြစဉ် ခုလို မောင်းသူမဲ့လေယာဉ်နဲ့ လေကြောင်းမှတိုက်ခိုက်မှုကို ခံခဲ့ကြရတာလို့ စီအန်အန်ကို ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ သေဆုံးသူတွေရဲ့မိသားစုတွေကလည်း နတ်မြစ်ကိုဖြတ်ကူးဖို့ မြစ်ကမ်းပါးမှာ စောင့်နေခဲ့ကြတာလို့ဆိုပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတချို့ကတော့ သေဆုံးသူဦးရေ ၂၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒါအမှန်ဆိုရင် တော့ မြန်မာနိုင်ငံရဲ့ သုံးနှစ်ကြာပြည်တွင်းစစ်ပွဲအတွင်း အရပ်သားတွေ အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ရပ်လို့ ဆိုရမှာပါ။ မြန်မာ့တပ်မတော်ကို ပုန်ကန်တိုက်ခိုက်နေတဲ့ AA ရခိုင်သောင်းကျန်းသူအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုအတွက် မြန်မာ့တပ်မတော်အပေါ်တာဝန်ရှိတယ်လို့ လက်ညှိုးထိုး ပုံချခဲ့ပါတယ်။ AA က ဒီတိုက်ခိုက်မှုမှာ သူတို့ပါဝင်ခြင်းမရှိဘူးလို့လည်း လိမ်လည် ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် AA က မောင်တောနယ်မြေရှိ တပ်မတော်စခန်းတွေကို အပြီးအပိုင်သိမ်းယူနိုင်ရန်နဲ့အရပ်သားတွေကိုပါ ကယ်တင်နိုင်ဖို့ ထိုးစစ်တစ်ရပ်ကို ဇွန်လ ၁၆ ရက်ကစလို့ ပြုလုပ်နေတယ်လို့ ဆိုခဲ့ပါတယ်။

AA က ဘင်္ဂါလီလူမျိုးတွေ ခုလိုသေဆုံးရတာစိတ်မကောင်းကြောင်းနဲ့ မောင်းတောင်မြစ်ကမ်းပါးမှာ ခုလိုသေဆုံးရမှုတွေအတွက် မြန်မာ့တပ်မတော်နဲ့ ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့တွေကို အပြစ်တင် ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံပိုင်မီဒီယာတွေမှာတော့ မောင်တောမြို့နယ်အတွင်း AA က ကျေးရွာသားတွေကို လက်နက်ကြီးများနဲ့ပစ်ခတ်တာ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့တိုက်ခိုက်တာ၊ ရွာသားတွေကို နှိပ်စက်ညှင်း ပန်းတာတွေလုပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘင်္ဂါလီတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသတွင်းမီဒီယာတွေကလည်း ဩဂုတ်လ ၅ ရက်မှာ အခုလို အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး နတ်မြစ်ကမ်းပါးတစ်လျှောက်ရှိတဲ့ ကျေးရွာတွေမှာ AA အဖွဲ့က သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အိမ်တွေမီးရှို့မှုတွေနဲ့ စစ်မှုမထမ်းမနေရ အဓမ္မခေါ်ယူမှုတွေ ပိုလို့ပြုလုပ်လာတယ်လို့ ဆိုကြပါတယ်။

ဘင်္ဂါလီတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နေဆန်းလွင် က “တိုက်ပွဲတွေက ပိုပြင်းထန်လာနေတယ်” လို့ ပြောခဲ့ပါတယ်။ AA နဲ့ မြန်မာ့တပ်မတော်အကြား မောင်တောမြို့တစ်ဝိုက် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း AA က ထိုးစစ်ဆင်ဖို့ကြိုးစားလာတာမှာ ခုလို တိုက်ပွဲတွေ ပြင်းထန်လာတာလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်ရှိ ဟာဆန်အမည်ရှိ ကျောင်းသားတစ်ဦးက ဩဂုတ်လ ၉ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖုန်းနဲ့ ပြောခဲ့ရာမှာ ဩဂုတ်လ ၅ ရက်က မောင်တောမြို့မြောက်ဘက်ကို AA က မောင်းသူမဲ့ လေယာဉ်တွေနဲ့တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်ခဲ့လို့သူလည်း ရွာကနေထွက်ပြေးလာခဲ့ရတာလို့ ဆိုခဲ့ပါတယ်။ ဟာဆန်က နတ်မြစ်ကမ်းပါးအရောက်မှာ ပစ်ခတ်မှုကြောင့် သူ့ရဲ့ညာဘက်ခြေထောက်မှာ ဒဏ်ရာရခဲ့ပေမယ့် ကံကောင်းလှစွာ စက်လှေတစ်စီးနဲ့တွေ့လို့ မြစ်ကိုဖြတ်ပြီးထွက်ပြေးလာနိုင်ခဲ့တာလို့ သိရပါတယ်။ ဒါ့ပြင် ဟာဆန်က ထိုနေ့က မြစ်ကမ်းပါးမှာ မောင်းသူမဲ့လေယာဉ်နဲ့ AA က တိုက်ခိုက်တာတွေကိုလည်း မျက်မြင်ကြုံခဲ့ရတာလို့ ဆိုပါတယ်။

မောင်တောမြို့နေ တခြားဘင်္ဂါလီတစ်ဦးဖြစ်တဲ့ မိုဟာမက် အီလီယာစ် ကလည်း သူ့ရဲ့ကျေးရွာကို AA တွေက ပြီးခဲ့တဲ့အပတ်မှာ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ပြောခဲ့ပါတယ်။ သူက “AA က လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ မောင်းသူမဲ့ လေယာဉ်တစ်စီးလွှတ်တင်တာကို ကျွန်တော်မျက်မြင် တွေ့ခဲ့တာပါ။ ရွာထဲဝင်လာပြီး တချို့လူငယ်တွေကိုဆိုရင် AA က ရက်ရက်စက်စက် ဓားနဲ့ထိုးသတ်ကြတယ်။ သေကြေရတဲ့လူတွေအများကြီးပဲ။ ကျွန်တော့မိသားစုဝင်တွေလည်းပါတယ်” လို့ပြောခဲ့ပါတယ်။

ဩဂုတ်လ ၅ ရက်မှာ ကျေးရွာထဲမှာ AA အဖွဲ့က ပစ်ခတ်မှုတွေလုပ်၊ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်တာတွေလုပ်နေလို့ အီလီယာစ်ဟာ တံတားတစ်ခုအောက်မှာ ပုန်းနေခဲ့ပြီး နောက်နေ့တွေမှ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာခဲ့ရတာလို့ ဆိုပါတယ်။

ဒါကြောင့်လည်း ဩဂုတ်လ ၅ ရက် က နတ်မြစ်ကမ်းပါ်းမှာ ဘင်္ဂါလီအရပ်သား ၂၀၀ ကျော်ကို မောင်းသူမဲ့လေယာဉ်နဲ့အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုမှာ မိမိလက်ချက်လို့ ဝန်မခံဘဲ လွှဲချနေကြပေမယ့် မျက်မြင်သက်သေတွေအရတော့ AA ဆိုတာ ဘွင်းဘွင်းကြီးပေါ်နေတယ်လို့ဆိုရမှာဖြစ်ပြီး ကျုးလွန်သူတရားခံ AA ဟာ ငြင်းဆန်မရနိုင်ဖြစ်နေရပါတယ်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *