September 20, 2024

၁၃. ၈. ၂၀၂၄
Written by Phyo Wei

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ထားတဲ့ ASEAN Troika Plus အစည်းအဝေးကို ဒီနှစ် အောက်တိုဘာလအတွင်း ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာ ကျင်းပနိုင်ဖွယ်ရှိနေတယ်လို့ သတင်းထုတ်ပြန်လာတဲ့ ဒီတစ်ပတ်မှာပဲ ပြီးခဲ့တဲ့သုံးနှစ်အတွင်း အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှူးတာဝန် အောင်မြင်စွာထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံက လာမယ့်သုံးနှစ်အတွင်း အာဆီယံ-ရုရှား ညှိနှိုင်းရေးမှူးတာဝန် ထမ်းဆောင်မယ်လို့ ကြေညာလာတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌဦးခင်ရီက ရုရှားနိုင်ငံကို မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အကြမ်းဖက်မှုအဖြစ် အသိအမှတ်ပြုပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို တိုက်ခိုက်ရာမှာ ပူးပေါင်းကူညီပေးဖို့ တိုက်တွန်းတောင်းဆိုလိုက်တာ၊ AA အဖွဲ့က သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ နိုင်ငံတကာက သိရှိမှာစိုးရိမ်လို့ တစ်ဖက်နိုင်ငံဆီ ယာယီနေရပ်စွန့်ခွာနေတဲ့ ဘင်္ဂါလီတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့အပြင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်သတ်ဖြတ်ထားတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာတာ၊ MNDAA ကိုးကန့်တရုတ် လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေအပေါ် လူထောင်ချီ ကန့်ကွက်ရှုတ်ချတာ၊ အရက်ရဲ့ကျေးကျွန်ဖြစ်ပြီး သေဆုံးခဲ့ရတဲ့ ဟားငါးကောင် လူရွှင်တော် အဖွဲ့ဝင် ဝိုင်းကျော်ရဲ့ နာရေးကူငွေတွေကို ဟားငါးကောင်အဖွဲ့ ကျန်ရစ်သူ ဇနီးထံ မအပ်ဘဲ ထိန်းသိမ်းထားသလို အဖွဲ့မှာ ယောက်ျားရဲ့ရပိုင်ခွင့်တွေ ဘာခံစားမှုမှ မရရှိတဲ့ ကျန်ရစ်သူဇနီးသည်ကိုပါ အိမ်ထောင်ရေးဖောက်ပြန်တယ် မမှန်မကန်အပုပ်ချတဲ့အပြင် သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တဲ့ ကျန်ရစ်သူဟားလေးကောင်ရဲ့ တော်လှန်ရေးလုပ်စားမှု အပုပ်နံ့တွေ ထွက်ပေါ်လာတာ စတဲ့ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ နွေဦးတော်လှန်ရေးသုံးနှစ်အတွင်းမှာ KNDF တစ်ဖွဲ့တည်းကတင် PDF ၄၀၀ လောက်သေဆုံးထားတယ်ဆိုတာ၊ မြို့သိမ်းစစ်ပွဲဆင်နွှဲကြတဲ့ လက်နက်ကိုင်တွေက ထောင်တွေ ဦးတည်ဖောက်နေကြတာ၊ မြန်မာနိုင်ငံမှာ စစ်ဘောင်ကျယ်လာမှုမှာ တရုတ်အဓိကကျနေတယ်လို့ သုံးသပ်မှုတွေ ရှိနေတာ စတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

သေဆုံးခဲ့တဲ့ KNDF ၄၀၀

နွေဦးတော်လှန်ရေးလို အမည်တပ်ထားတဲ့ တိုက်ခိုက်မှုသုံးနှစ်အတွင်းမှာ KNDF လက်နက်ကိုင် ၄၀၀ နီးပါးအထိ သေဆုံးခဲ့ရတယ်လို့ KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ထုတ်ဖော်ရေးသားလာပြီး စုစုပေါင်းသေဆုံးမှုက ၃၉၆ ဦးရှိသလို ဒီ ၃၉၆ ဦးရဲ့ ၉၇ ရာခိုင်နှုန်းက ရှေ့တန်းမှာ သေဆုံးပြီး ၃ ရာခိုင်နှုန်းက နောက်တန်းမှာ လက်နက်ကြီးကျလို့ သေဆုံးတာပါ။ NUG ရဲ့ ကာကွယ်ရေးအစီအစဥ်တွေကို လိုက်နာတည်ထောင်ခဲ့တဲ့ KNDF ကို ခွန်ဘီထူး၊ မာဝီနဲ ခူရီးဒူတို့ ဦးဆောင်ပြီး ကယားပြည်နယ်မှာ အခြေစိုက်ပေမဲ့ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာလည်း လှုပ်ရှားစစ်ကြောင်းရှိသလို အရင်တုန်းက KNDF တပ်ဖွဲ့ဝင်တွေ သေဆုံးမှုအကြောင်း မာဝီ ထုတ်ဖော်မပြောခဲ့ပေမဲ့ လွိုင်ကော်မြို့ကို သိမ်းယူဖို့ဆင်နွှဲတဲ့ ၁၁၁၁ စစ်ဆင်ရေးကျရှုံးအပြီး KNDF ဟာ အလုပ်မလုပ်ဘူးလို လက်နက်ကိုင်အချင်းချင်းဝေဖန်တာကြောင့် မာဝီက KNDF သေဆုံးမှု အရေအတွက်ကို ထုတ်ပြောလာတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးလို့ အမည်တပ်ပြီး လက်နက်ကိုင်အဖွဲ့ ၆၀၀ လောက် ပေါ်ထွက်လာချိန်မှာ ပြည်သူတွေဟာ PDF တွေဘက်က သေဆုံးမှုသတင်း မသိရဘဲ သူတို့ကလည်း ဖုံးကွယ်ထားကြတာပါ။ တကယ်တော့ PDF တွေဟာလည်း သွေးနဲ့သားနဲ့ လူသားတွေဖြစ်လို့ လက်နက်ကြီးမှန်ရင် သေဆုံးကြသလို သူတို့မြို့သိမ်းဖို့ မြို့ထဲကို လက်နက်ကြီးတွေနဲ့ပစ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ချိန်မှာလည်း ပြည်သူတွေ သေကြပါတယ်။ ဒါပေမဲ့ PDF တွေ တိုက်ပွဲမှာ သေတယ်ဆိုရင် ထောက်ပံ့သူတွေ စိတ်ဓာတ်ကျမှာစိုးတာ၊ PDF တွေ မြို့သိမ်းဖို့ မြို့ထဲပစ်တဲ့ လက်နက်ကြီးကျည်တွေ၊ ရှော့တိုက်ဒုံးတွေကြောင့် ပြည်သူတွေ သေတယ်လို့ အမှန်အတိုင်းရေးရင် ဗုဒဘာသာမြန်မာလူမျိုးတွေက အကုသိုလ်များတဲ့ သေကြေမှုတွေအတွက် ဆက်မလှုမှာစိုးတဲ့အပြင် တပ်ကို အပြစ်ပုံချဖို့ လိမ်လည်ဖုံးဖိ ထုတ်ပြန်မှုတွေဟာ အခုလို လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်ထိုးနှက်ကြချိန်မှာ ပေါ်လာတတ်တာကလည်း ထုံးစံပါ။ KNDF လို အင်အားနည်းတဲ့ မြို့သိမ်းတိုက်ပွဲ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်တဲ့ အဖွဲ့မှာတောင် သေဆုံးသူ ၄၀၀ လောက်ရှိတယ်ဆိုရင် မြို့တွေသိမ်းလိုက်၊ ထွက်ပြေးလိုက်၊ ဆုတ်လိုက် လုပ်နေတဲ့ အဖွဲ့တွေမှာ ဘယ်လောက်တောင် သေဆုံး ထိခိုက်မှုတွေ ဖုံးထားကြမလဲဆိုတာ တွေးဆရုံနဲ့ သိနိုင်မှာဖြစ်သလို အဖွဲ့ ၆၀၀ ကျော်တိုင်းမှာ အနိမ့်ဆုံး ဆယ်ဂဏန်းလောက်သေထားရင်ကို နှစ်ဖက်စလုံးက မြန်မာနိုင်ငံသားတွေ အလဟဿ အသက်စွန့်နေကြရတာ မြင်သာမှာပါ။

အကျဉ်းထောင်ဖောက်ကြတဲ့ လက်နက်ကိုင်

သုံးနှစ်အတွင်းမှာ တိုက်ရင်းခိုက်ရင်းသေကြ၊ သိမ်းနိုင်တဲ့နေရာတွေမှာ တစ်အိမ်တစ်ယောက် စစ်မှုထမ်းခိုင်းလည်း ထွက်ပြေးကြ၊ ပြည်ပရှောင်ကြနဲ့ တဖြည်းဖြည်းပါးလျလာတဲ့ လူအင်အား ဖြည့်တင်းဖို့ လက်နက်ကိုင်တွေရဲ့ နောက်ဆုံးပစ်မှတ်ဟာ ထောင်တွေ ဖောက်ဖို့ဖြစ်လာပါတယ်။ ထောင်တွေထဲမှာဆိုရင် အကြောင်းပြချက်ကောင်းကောင်းအဖြစ် နိုင်ငံရေးပုဒ်မနဲ့ ဖမ်းခံထားရတဲ့သူတွေ ရှိသလို ဒီလူတွေကို ဗန်းပြလိုက်ရင် နောက်ကွယ်မှာ ခိုးဆိုးလုနှိုက် သတ်ဖြတ်မုဒိမ်းကျင့် လက်ယဉ်နေတဲ့ သေမထူးနေမထူး လွတ်လမ်းမမြင်သူတွေ ထွက်လာပါတယ်။ ဒီလူတွေဟာ လက်နက်ကိုင်တွေအဖို့တော့ စစ်သားစုဆောင်းလို့ အကောင်းဆုံးအရာဖြစ်လာပါတယ်။ ဒါကြောင့်လည်း ဒီသုံးလလောက်အတွင်းမှာ လက်နက်ကိုင်တွေဟာ မြို့သိမ်းပြီဆိုတာနဲ့ ထောင်ကို အရင်ဆုံးဖောက်ကြပါတော့တယ်။

ဒီထောင်ဖောက်မှုတွေ ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့မေလကုန်မှာ AA က ဘူးသီးတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်အပြီး မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးမှုနဲ့ နိုင်ငံရေးမှုတွေနဲ့ ဖမ်းဆီးထားသူ ၉၈ ဦးကို ထောင်ဖောက် ခေါ်ထုတ်ခဲ့သလို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ မန္တလေးတိုင်း စဉ့်ကူးမြိုနယ်မှာလည်း ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် ရဲအချုပ်စခန်းက အချုပ်သားတွေကို လွတ်မြောက်သွားမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လဆန်းက မတူပီမြို့သိမ်းတိုက်ပွဲမှာ အကျဥ်းသား ၁၃ ဦး လွတ်မြောက်ခဲ့တယ်လို့ မတူပီတပ်မဟာ (၁) က ပြောခဲ့သလို ဇူလိုင် ၂၀ ရက် မနက်ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို CDF Hakha က ဝင်တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ရတဲ့အပြင် ရာဇဝတ်မှုတွေ၊ နိုင်ငံရေးမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့အချုပ်သား ၆၂ ဦးကိုလည်း ထောင်ဖောက်ထုတ်ခဲ့ကြပါတယ်။ ဒါ့အပြင် လားရှိုးအကျဥ်းထောင်ကိုလည်း MNDAA က ဇူလိုင် ၂၈ ရက်တုန်းက ဖောက်ထွင်းတိုက်ခိုက်မှုမှာ အကျဥ်းသား ၁၀၀ ကျော် သေခဲ့သလို အကျဥ်းသား ၁၃၀၀ ကျော် MNDAA ဆက်ဖမ်းထားတယ်ဆိုပြီး အကျဥ်းသား ၁၃၀ ကျော်ကို TNLA ထံပြန်လွှဲထားပေးပေမဲ့ အကျဥ်းသား ၈၀၀ လောက်ကတော့ ထွက်ပြေးပျောက်ဆုံးတဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲ ပြင်းထန်နေတဲ့ သီပေါမြို့မှာ လူသတ်၊ လုယက်၊ မုဒိမ်းကျင့်သူတွေ အပါအဝင် အကျဥ်းသား ၂၀၀ ကျော်ရှိနေတဲ့ သီပေါထောင်ကို တအာင်းလက်နက်ကိုင် TNLA က ဩဂုတ် ၁၀ ရက်မှာ ဖောက်ထွင်းခေါ်ထုတ်လာတယ်လို သိရပါတယ်။

ဒီရာဇဝတ်သားတွေထဲမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတယ်ဆိုသူက ၂၀၀ လောက်သာရှိပြီး ၃၀၀၀ ကျော်က လူသတ်၊ လုယက်၊ မုဒိမ်း၊ မူးယစ်ဆေးနဲ့ ခိုးဆိုးလုနှိုက် ရာဇဝတ်သားတွေဖြစ်ပြီး အစိုးရက လွတ်ငြိမ်းချမ်းသာပေးရင်တောင် လွတ်ငြိမ်းပေးမခံရသူတွေပါ။ လက်နက်ကိုင်တွေဟာ သူတို့ ထောင်ဖောက်ထုတ်ခဲ့တဲ့ ရာဇဝတ်သားတွေကို ဘာဆက်လုပ်တယ်ဆိုတာကို ထောင်သားတွေ ဖောက်ထွင်း ခေါ်ထုတ်ကြတဲ့ MNDAA , TNLA နဲ့ AA တို့က မထုတ်ပြန်တော့ပေမဲ့ ဒီရာဇဝတ်သားတွေဟာ သူတို့ကို ဖောက်ထုတ်ခေါ်ယူပေးတဲ့ လက်နက်ကိုင်တပ်တွေမှာ တပ်ဖွဲ့ဝင်တွေ ဖြစ်ကုန်ကြတာများပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တွေ အသိမ်းခံရတဲ့မြို့တွေမှာ ခိုးဆိုးလုနှိုက် ဖောက်ထွင်းခိုးယူသတ်ဖြတ်မှုတွေ လွယ်လွယ်ကူကူဖြစ်နေတာဖြစ်ပြီး အဓိက ကတော့ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းခံထားရတဲ့သူတွေ ဗန်းပြလို့ ခိုးဆိုးလုနှိုက် သတ်ဖြတ်မုဒိမ်းကျင့် လက်ယဉ်နေတဲ့ သေမထူးနေမထူး ရာဇဝတ်သားတွေကို ထောင်ဖောက်ထုတ် စစ်သားစုတဲ့ MNDAA , TNLA နဲ့ AA တို့ လုပ်ရပ်ကြောင့်ဖြစ်တယ်လို့ပဲ ယူဆရမှာပါ။

တရုတ်အဓိကကျတဲ့ မြန်မာ့စစ်ဘောင်ကျယ်မှု

မြန်မာနိုင်ငံအတွင်း လတ်တလော စစ်ဘောင်ပိုမိုကျယ်ပြန့်လာနေတဲ့ကိစ္စမှာ တရုတ်က အဓိက ကျတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တရုတ်ပါပဲ။ အဓိက ကတော့ တရုတ်ပဲ။ တရုတ်က ဘယ်လောက်ကျယ်ချင်သလဲ။ ဘယ်လောက်ဆန့်ချင်သလဲ။ နယ် နိမိတ်သတ်မှတ်မလား။ အခု ၈ ရက်နေ့မှာ သူတို့မှာ ဟိုင်ဂင်ဆွေးနွေးပွဲပြန်လုပ်တယ်လေ။ ပြန်လုပ်တော့အဖြေက ကောင်းကောင်းမွန်မွန်မရဘူးပြောတယ်။ဒါပေမဲ့ အထူးကိုယ်စားလှယ်က နေပြည်တော်ရောက်လာတယ်ဆိုတော့ နှစ်ဖက်ဘာတွေဆွေးနွေးဖြစ်ကြလဲတော့မသိဘူး။ SAC ကလည်းမလျှော့ဘူး။ညီနောင်သုံးဖွဲကလည်းမလျှော့ဘူးဆိုရင်တော့ တိုက်ပွဲကတော့ ပိုပြင်းလာမှာပဲ။ ဒါပေမဲ့ ဆွေးနွေးလိုက်မယ်ဆိုရင်တော့ ပထမပိုင်းကတော့ NUG တို့ PDF မပါဘဲနဲ့တိုင်းရင်းသားတွေချည်းပဲ ဆွေးနွေးလိုက်မယ်ဆိုရင်တစ်ချက်တော့ ငြိမ်သွားနိုင်တာပေါ့။ သူ့ဘက်၊ ကိုယ့်ဘက် ခဏထိန်းထားပြီးတော့ အဲ့ဒီလိုအဆင့်မဟုတ်ဘဲနဲ့ အားလုံးပါရမယ်ဆိုပြီးတော့ ဆွဲထည့်ရင်တော့ SAC ကတော့ လက်ခံဖိုတော့မလွယ်ဘူးထင်တယ်”လို့ သုံးသပ်ပြလာပါတယ်။

တရုတ်နိုင်ငံအတွက် ကျားဖြန့်တွေကို နှိမ်နင်းပေးမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုးကန့်တရုတ် MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးနှစ်ခုကို ဆင်နွှဲလာပြီး လက်ရှိမှာဆိုရင် ကိုးကန့်အထူးဒေသ နယ်နိမိတ်ထက်ကျော်လွန်တဲ့ မြေပြန့်အထိ ခြေဆန့်ပြီး စစ်ဘုရင်ဝါဒနဲ့ နယ်ချဲ့လာချိန်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျူးကျော်စစ်ဆိုတာ သိမြင် ယူဆလာကြသလို ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း တရုတ်အဓိကလို့ ထုတ်ပြောလာတာပါ။

ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်မယ် အရှေ့တံခါးက တရုတ် ပါဝင်ပတ်သက်နေတယ်လို့ ပြည်သူတွေ ယူဆလာချိန်မှာပဲ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂလားပင်လယ်အော်ကို ထိန်းချုပ်စိုးမိုးချင်လို့ စိန့်မာတင်ကျွန်းကို အမေရိကန်ဆီ မပေးမိတဲ့ ရှိတ်ခ်ဟာစီနာ အစိုးရဟာ အမေရိကန်လက်မည်းနဲ့ ဆူပူထကြွ ဖြုတ်ချခံခဲ့ရသလို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားမှာလည်း အရှေ့တီမောလိုမျိုး မြန်မာ့မြေ ဖဲ့ယူပါဝင်တဲ့ နိုင်ငံတစ်ခု ထူထောင်ဖို့ ကြံဆနေတယ်ဆိုတဲ့ အနောက်တံခါးအရေးကလည်း ကမ္ဘာ့မျက်နှာစာမှာ ထွက်ပေါ်လာနေတာ တွေ့ရပါတယ်။

ဒီနေရာမှာ အမေရိကန်နဲ့ အနောက်အုပ်စုဟာ FBR လို အဖွဲ့တွေ NUG နဲ့ PDF တွေကို ပေါ်တင်ထောက်ပံ့မှု နဂိုတည်းက ရှိနေချိန်နဲ့ ရခိုင်ပြည်နယ် ၇၀ ရာခိုင်နှုန်းလောက်ကို လက်ရှိမှာ AA က သိမ်းထားတဲ့အပြင် မလိုအပ်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်ကိုပါ ပစ်ခတ်သတ်ဖြတ်မှုတွေ AA က ကျူးလွန်ထားတာ တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလာဒေ့ရှ်ဟာလည်း အမေရိကန်ရုပ်သေး နိုဘယ်လ်ဆုရှင် ယူနွတ်တက်လာနေပြီဖြစ်လို့ AA ရဲ့ ရန်စကျူးလွန်ခဲ့မှုကို အခုအချိန် တုံ့ပြန်လာရင် အမေရိကန်အထောက်အပံ့ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆာလက်နက်ကိုင်ကို ဘင်္ဂလီတွေ လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်နေတဲ့ AA က ခုခံနိုင်ဖွယ်မရှိလို့ အနောက်တံခါးပိုင်နက်အချို့ လက်လွှတ်ရနိုင်တဲ့အခြေအနေ မြင်လာရပါတယ်။ တကယ်လို့သာ AA ကြောင့် ရခိုင်ပိုင်နက်အချို့ လက်လွှတ်ရရင် အမေရိကန်ဟာ စိန့်မာတင်ကျွန်း မက်နေတော့မှာမဟုတ်ဘဲ မြန်မာ့မြေမှာ လူ့အခွင့်အရေးဗန်းပြပြီး ဘင်္ဂလီတွေအတွက် နိုင်ငံဆိုတာမျိုးကြေညာပြီး အမေရိကန်နဲ့ နိုင်ငံပေါင်းစုံတပ်တွေ စုဖွဲ့ချမယ်ဆိုရင် မြန်မာ့အချုပ်အခြာအာဏာဟာ အနောက်တံခါးမှာ ပဲ့ပါသွားမလားဆိုတာလည်း တွေးဆသင့်တဲ့ကိစ္စ တစ်ချိန်တည်းမှာ ဖြစ်လာပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ ပထဝီအနေအထားအရ မဟာဗျုဟာကျတဲ့ မြန်မာ့မြေပေါ်မှာ အမေရိကန်နဲ့ တရုတ်တို့ ပါဝင်စွက်ဖက်မှုက သိသိသာသာဖြစ်လာသလို ဒီစွက်ဖက်မှုမှာ တစ်ဖက်ကို ယိမ်းတာနဲ့ တစ်ဖက်နဲ့ အကြီးအကျယ် ဖြစ်ပွားရမဲ့ အရေးကိစ္စတွေလည်း မြင်လာနေရပါတယ်။ မြောက်ပိုင်းတင်းမာမှုနဲ့ အနောက်တံခါးအကျပ်အတည်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာအစိုးရထံ လာရောက်တွေ့ဆုံဖို့လည်း ရှိနေပြီး ဒီအခြေအနေအားလုံးဟာ မြန်မာ့မြေပဲ့မထွက်စေချင်သူတွေအဖို့တော့ စိတ်ပူစရာပါ။ သေချာတာကတော့ မြန်မာ့အချုပ်အခြာ အာဏာပိုင်နက်ဟာ ဘာအကြောင်းနဲ့မှ ပဲ့ပါလို့မရတဲ့အတွက် လက်ရှိအကျပ်အတည်းကို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဖြေရှင်းရမဲ့ အချိန်အခါ ဆိုက်ရောက်နေတယ်လို့ ယူဆမိပါကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *