September 20, 2024

၁၃.၈. ၂၀၂၄
Written by Shwe Phyo

မြန်မာအမျိုးသမီးငယ်တစ်ဦးသည် သူငယ်ချင်းများနှင့်အတူ ရေတံခွန်နှင့် တူးမြောင်းကို သွားရောက်လည်ပတ်ချိန်အတွင်း သြဂုတ် ၁၂ ရက်နေ့က ရေနစ်သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။

ပရာချင်ဘူရီ ပြည်နယ်ရှိ ပရာဂျန်တက်ဟမ်ရဲစခန်းမှ ရဲမျူး ဝီသီချိုင်း ဘွန်ဖန်သည် သြဂုတ် ၁၂ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ချန်ကလန်ရေတံခွန်ကိုသွားရောက် စစ်ဆေးခဲ့ရာ အသက် ၁၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ခြင်းကိုတွေ့မြင်ခဲ့ကြောင်းသိရသည်။

အသက် ၁၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးငယ် ရာရာဝမ်သည် ပက်ရီယူးအရပ်ဒေသမှ ပရာချင်ဘူရီပြည်နယ်ရှိဆွေမျိုးများထံ သူငယ်ချင်းများနှင့်အတူ သွားရောက်လည်ပတ်ချိန်အတွင်း ရေတံခွန်ကိုလည်း သွားရောက်ခဲ့ရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါရေကန်သည် အနက် ၂ ဒသမ ၅ မီတာရှိကာ အကျယ် ၁၀ မီတာနှင့် အရှည် ၁၀ မီတာရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးသမားများသည် အဆိုပါအမျိုးသမီးငယ်၏ရုပ်အလောင်းကို ပြန်ရှာမတွေ့ခင် နာရီဝက်ကြာ ရှာဖွေခဲ့ရကြောင်း သိရသည်။

ရေနစ်သေဆုံးသွားသော အမျိုးသမီးငယ်၏ သူငယ်ချင်းဖြစ်သူက ၎င်းနှင့် သေဆုံးခဲ့သော သူငယ်ချင်းဖြစ်သူသည် ပက်ရီယူးအရပ်ဒေသမှ ပရာချင်ဘူရီပြည်နယ်ရှိ ဦးလေးတော်စပ်သူ ဦးချိုအောင်၏အိမ်ကို လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် သြဂုတ် ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် ရေတံခွန်ဆီ သွားရောက်ခဲ့ပြီး သေဆုံးခဲ့သော မြန်မာအမျိုးသမီးငယ်နှင့်အခြား သူငယ်ချင်းသုံးဦးတို့သည် ရေအတူ ကူးခဲ့ကြောင်း ပြောသည်။

၎င်းက ” ရေကူးချိန်အတွင်း သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီးငယ်ဟာ ရေငုပ်တာတွေ၊ ရေကူးတာတွေ မကြာခဏလုပ်ဆောင်နေတာကို တွေ့မြင်ခဲ့တယ်။ အဲဒီလိုမျိုးလုပ်နေချိန်မှာပဲ ရာရာဝမ်ဟာ ရေနစ်သွားခဲ့တာဖြစ်တယ်။ ရေကူးနေတဲ့သူတွေကို အကူအညီတောင်းပြီး ရှာဖွေခဲ့တယ်။ ဒါပေမယ့် ရေကန်ဟာ နက်လွန်းတဲ့အတွက် ရှာဖွေဖို့ အဆင်မပြေဖြစ်ခဲ့ရတယ်” ဟုပြောသည်။

ထိုင်းရဲတပ်ဖွဲ့နှင့်အတူ ရှာဖွေကယ်ဆယ်ရေးသမားများရောက်ရှိလာချိန်တွင်လည်း ရေနစ်ခဲ့သောမြန်မာအမျိုးသမီးငယ်၏ရုပ်အလောင်းကို အချိန်တန်ကြာ ရှာဖွေခဲ့ပြီးမှသာ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

REF MGRonline

Leave a Reply

Your email address will not be published. Required fields are marked *