၂၄. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
ဒီဇင်ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုများ လျင်မြန်စွာ မြင့်တက်လာခဲ့မှုကြောင့် ဒီဇင်ဘာလ၏ တတိယပတ်ဖြစ်သော ယခုရက်သတ္တပတ်တွင်ဆိုလျှင် နိုင်ငံတစ်ဝန်း တစ်ရက်တည်းနှင့် လူ ၃၇ သန်းနီးပါး ကိုဗစ်ကူးစက်ခံခဲ့ရသည်ဟု အစိုးရကျန်းမာရေးဌာနအာဏာပိုင်များထံမှ ခန့်မှန်းချက်များအရသိရကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌ ရောဂါပိုးကူးစက်မှု မြင့်တက်မှုကြောင့် နိုင်ငံလူဦးရေ၏ ၁၈ ရာခိုင်နှုန်းနီးပါးရှိသော လူ ၂၄၈ သန်းမှာ ရက် ၂၀ ကာလအတွင်း ကိုဗစ်ကူးစက်မှုခံခဲ့ရကြောင်းဖြင့်လည်း ဒီဇင်ဘာ ၂၁ ရက်ကကျင်းပခဲ့သော တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ စည်းဝေးပွဲမှတ်တမ်းများကို ကိုးကားကာ အဆိုပါသတင်းက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ လူဦးရေ ၁၀ သန်းခန့်ရှိသော ကွင်ဒေါင်းမြို့တွင်ဆိုလျှင် နေ့စဉ် ကိုဗစ်-၁၉ အသစ်ကူးစက်ခံရသူအရေအတွက် ပျမ်းမျှ ၄၉၀,၀၀၀ မှ ၅၂၀,၀၀၀ အကြားရှိလာကြောင်း မြို့၏ စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရှေ့ပိုင်း ဂျင်စီ ပြည်နယ်တွင်ဆိုလျှင် ပြည်နယ်အစိုးရက ဤနှုန်းအတိုင်းကူးစက်မှုများဆက်လက်မြင့်တက်နေပါက ပြည်နယ်လူဦးရေ၏ ၈၀ ရာခိုင်နှုန်းရှိမည့် လူ ၃၆ သန်းခန့် ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်မှုခံရလိမ့်မည်ဟု လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။
Ref—Bloomberg