September 20, 2024

၁၃. ၈. ၂၀၂၄
Translated by Htwe Ko Tun

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်တို့အကြား ပိုင်နက်အငြင်းပွားနေကြသော Scarborough Shoal သောင်စွယ်အငြင်းပွားမှု၌ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း တရုတ်လေတပ်၏ပြုမူမှုများက နိုင့်ထက်စီးနင်းပြုကျင့်မှုဖြစ်ပြီး ရန်လိုကြမ်းကြုတ်မှုနှင့်လှည့်စားလိုသည့် သဘောလည်းဆောင်နေကြောင်း ဖိလစ်ပိုင်ရေတပ်က ဩဂုတ်လ ၁၃ ရက်တွင် ဝေဖန်ပြောကြားလိုက်သည်။

ဖိလစ်ပိုင်ရေတပ်က ဩဂုတ်လ ၈ ရက်တွင် ၎င်း၏ လေယာဉ်တစ်စင်းက အဆိုပါအငြင်းပွားနေသော သောင်စွယ်ကျွန်းအပေါ်တွင် ကင်းလှည့်ပျံသန်းနေစဉ် တရုတ်စစ်လေယာဉ်နှစ်စီးက ဖိလစ်ပိုင်လေယာဉ်၏ လမ်းကြောင်းသို့ မီးပွားမီးတောက်များ ပစ်ချခဲ့ရာ ၎င်းက အလွန်အန္တရာယ်ရှိစေသော လုပ်ရပ်ဖြစ်၍ အလွန်မကျေမနပ်ဖြစ်ရကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရေတပ်မှ ဗိုလ်ချုပ် ရွိုင်ဗင်ဆင့် ထရီနီဒတ်က အဆိုပါဖြစ်ရပ်က နိုင်ငံတကာရေကြောင်းနယ်ပယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ တရုတ်အနေဖြင့် နိုင်ငံတကာရေ‌ကြောင်းပိုင်နက်နယ်ပယ်တွင် ဤကဲ့သို့ အပြုအမူမျိုးလုပ်ရန် အကြောင်းမရှိကြောင်း၊ ၎င်းက ဆိုးဆိုးရွားရွားဖြစ်ရပ်များကို ဖြစ်လာနိုင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Scarborough Shoal သောင်စွယ်ကျွန်းက ၎င်းပိုင်ဆိုင်သည်ဟုပြောကြားနေသော တရုတ်ကမူ ထိုအပြုအမူက ပညာရပ်ဆိုင်ရာအပိုင်းနှင့် ဥပဒေကြောင်းအရ ကိုက်ညီစွာ လုပ်ဆောင်ခဲ့ခြင်းဟု ပြောခဲ့သည်။

Scarborough Shoal သောင်စွယ်ကျွန်းက တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်ရေအိုင်တစ်ခုလည်း ပါဝင်တည်ရှိရာ မုန်တိုင်းကျစဉ်ကဲ့သို့ ရာသီဥတုဆိုးရွားချိန်များ၌ ငါးဖမ်းလှေများအား အကာအကွယ်ဖြစ်စေသည်။ ၎င်းက နိုင်ငံတကာ ဥပဒေအရ ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်ပိုင်နက်အတွင်း တည်ရှိနေသော်လည်း တရုတ်က ၎င်းပိုင်ကျွန်းအဖြစ် သိမ်းယူထားသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်သည်။

ဤဖြစ်ရပ်က တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား အငြင်းပွားနယ်မြေများနှင့်ပတ်သက် ၍ နောက်ဆုံးဖြစ်ပွားရသော နှစ်ဖက်မကျေမနပ် အချင်းများမှုလည်းဖြစ်သည်။ အမေရိကန်၏ မဟာမိတ်လည်းဖြစ်သော ဖိလစ်ပိုင်က Scarborough Shoal သောင်စွယ်ကျွန်းအား ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာ ထပ်ခါပြောဆိုလာမှုကလည်း တရုတ်အတွက် ဤသို့ ရန်လိုရန်စမှုများကို ပေါက်ကွဲစေခဲ့သည်။

Ref- SCMP

Leave a Reply

Your email address will not be published. Required fields are marked *