September 20, 2024

၁၃.၈.၂၀၂၄
Written By Zun

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ချယ်ရီထက်မှာ လာမည့် သြဂုတ်လ ၁၉ ရက်တွင် လွတ်ရက်စေ့ဖြင့် ပြန်လွတ်မည်ဖြစ်ကြောင်း ယင်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုပြောဆိုသည်။

လူမှုကွန်ရက်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ချယ်ရီထက် လွတ်ရက်စေ့သောကြောင့် သြဂုတ်လ ၉ ရက်တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ရေးသားနေကြသည့်အတွက် MT News က ယင်း၏အမှုကို လိုက်ပါဆောင်ရွက်ပေးသူ တရာလွှတ်တော်ရှေ့နေထံ ဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်းနှင့် လွတ်ရက်စေ့ရန် ရက်ပိုင်းလိုနေသေးကြောင်း အတည်ပြု ပြောပြချက်ကို ယင်းနေ့က ဖော်ပြခဲ့ပြီးဖြစ်သည်။

“သူက ၁၉ ရက်နေ့မှာ လွတ်ရက်စေ့တယ်လို့ ပြောတယ်။ ၁၁ ရက်စောပြီး လွှတ်ဖို့ လုပ်တယ်ဆိုပြီးတော့ အပေါ် ကပြန်ပိတ်လို့ သူက ပစ္စည်းတွေရော ဘာတွေရော သိမ်းပြီး ထောင်ထဲကနေ ရိပ်သာတောင်ရောက်နေပြီ။ ရိပ်သာကိုရောက်နေတာလို့ သိရတယ်။ ထောင်ဘူးဝက ထွက်ဖို့ပဲ ကျန်တော့တာတဲ့။ ၉ ရက်နေ့ ဖြစ်နေတာက အဲလို။ သူ့အမေလည်း အဲဒီနေ့က သွားစောင့်နေတယ်လေ။ အပြင်ကို မရောက်သေးဘူး။သတင်းရလို့ သွားစောင့်ခဲ့တာပေါ့။ဒါကြောင့် ယေဘုယျ ပြောရရင် ၁၉ ရက်နေ့လွတ်မယ်ဆိုတဲ့ သဘောပါ”ဟု ချယ်ရီထက်နှင့် နီးစပ်သူတစ်ဦးက MT News ကို ထပ်မံပြောသည်။

ချယ်ရီထက်သည် ဒုရဲအုပ်အဆင့်ရှိသူဖြစ်ပြီး လွန်ခဲ့သော ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က ဖမ်းဆီးခံခဲ့ရကာ ၎င်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ ဒုရဲမှူး ဇော်ဝင်းထွန်းက တရားလိုပြုလုပ်၍ ဇဗ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်း၌ ဖြင့် အမှုဖွင့်ခဲ့ပြီး ရဲစည်းကမ်းထိန်းသိမ်းရေးအက်ဥပဒေအရ ရဲခုံရုံးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးပြီး အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူသည့်အပြင် NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာနှင့် ချယ်ရီထက်တို့ သတင်းအပြန်အလှန် ပေးပို့ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဆက်လက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ရဲစည်းကမ်းထိန်းသိမ်းရေးနှင့် ထောင်ဒဏ် ၃ နှစ်၊ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၅ နှစ် ပြစ်ဒဏ် ကျခံနေရသူဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *