September 20, 2024

၁၃. ၈. ၂၀၂၄
Written by Nay Moe

ငါန်းဇွန်မြို့နယ် ကုလကျေးရွာအနီးတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားလေးဦး၏ အလောင်းများတွေ့ရှိမှုနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဆယ်အိမ်မှူးတစ်ဦးတို့အား PDF များက တစ်နေ့တာအတွင်း သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၉ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာအနီး ငါန်းဇွန်-ငါန်းမြှာသွားကားလမ်းဘေး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားလေးဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အသက်(၂၈)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး (စိစစ်ဆဲ)၊ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး (စိစစ်ဆဲ)၊ အသက်(၂၂)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး (စိစစ်ဆဲ)နှင့် အသက် (၃၂)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး (စိစစ်ဆဲ) တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူများအား ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ထိုနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာနေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်ဦး(၅၄)နှစ်သည် ဇနီးဖြစ်သူ ဒေါ်အုန်းပွင့်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ရှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်လေးစီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးလှမြင့်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်အုန်းပွင့်တွင် ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။ အဆိုပါ သတ်ဖြတ်မှုတွင် သတ်ဖြတ်သည့် PDF အဖွဲ့များမှာ ပုဂံပြည်ဘီလူးတပ်နှင့် ငါ့သရောက် PDF အဖွဲ့တို့ဖြစ်သည်ဟု MT News က သတင်းဖော်ပြထားပြီးဖြစ်သည်။

အလားတူ ည ၇ နာရီခွဲတွင် ကျောက်ဆည်မြို့နယ်၊ သံချပ်ကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဆယ်အိမ်မှူး ဦးဖား (၆၀)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအပြင်ဘက်ရှိ လယ်တောသို့ နွားကျောင်းရန် ထွက်ခွာလာစဉ် လယ်တောအနီးအရောက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဖားတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *