September 20, 2024

◾️ CNG ဆိုင်များတွင်လည်း ယခင်ကထက် ပိုမိုအချိန်ကြာမြင့်စွာ တန်းစီနေရဟု သိရ

၁၃. ၈. ၂၀၂၄
Written by Ye Kyaw

စက်သုံးဆီသယ်ယာဉ်များ ပုံမှန်ဝင်ရောက်မှုရှိနေသော်လည်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်အချို့တွင် တန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပေါ်နေပြီး ယခင်က တန်းစီရမှုနည်းသည့် ဆီဆိုင်ငယ်များမှာပါ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရကြောင်း သိရသည်။

“စနေနေ့ ညနေကတည်းက တနင်္ဂနွေနေ့ ပိတ်ရက်မှာလည်း တန်းစီရတာများတယ်။ အရင်က ဒီဆိုင်တွေ ဆီပြတ်ချိန်မှာတောင် အရမ်းကြီးတန်းစီရတာမဟုတ်ဘူး။ ည ၇ နာရီကျော်နေတာတောင် ဟိုဘက် လိုင်စင်ရုံးနားအထိ ရောက်နေပြီ။ အရင်ဆို သူများဆိုင်တွေ အရမ်းတန်းစီရချိန်မှာတောင် ခဏပဲတန်းစီရတဲ့ဆိုင်တွေ” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် တန်းစီနေသူတစ်ဦးက ပြောသည်။

ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များ၌ ပြန်လည်တန်းစီဝယ်ယူရမှုမှာ လေးရက်ခန့်ရှိပြီဖြစ်ပြီး ယမန်နေ့အထိ ဆီဝယ်ယူရန်တန်းစီရသည့်အပြင် ကျပ် ၂၀,၀၀၀ ဖိုးအထိသာ အကန့်အသတ်ဖြင့် ရောင်းပေးခြင်းဖြစ်သည်။ ယနေ့တွင် တန်းစီရသော်လည်း လိုအပ်သည့်ပမာဏအတိုင်း ရောင်းချပေးနေကြောင်း သိရသည်။

“ဆီတန်းစီဝယ်ရတာက လေးရက်လောက်ရှိပြီး မနေ့ဆို ၂၀,၀၀၀ ဖိုးပဲရတယ်။ ဒီနေ့မနက်မှာ အဲဒီဆိုင်မှာပဲ တန်းစီရတယ်ဆိုပေမဲ့ လိုသလောက်ထည့်ပေးတယ်” ဟု တာမွေမြို့နယ်အတွင်းရှိ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကြောင့် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီ Terminal တွင် ဆီထုတ်ရန် အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်ဆီဝယ်ယူမှု အခက်အခဲဖြစ်ပေါ်ခဲ့မှုများရှိခဲ့သော်လည်း Urgent အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားသော အရောင်းဆိုင်များသို့ ပေးပို့နေသည့် စက်သုံးဆီများအား လိုအပ်သည့်အရောင်းဆိုင်များသို ရွှေ့ပြောင်းချယူစေခြင်းများ ဆောင်ရွက်ပေးခဲ့မှုကြောင့် ပြန်လည်ဆင်ပြေခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် ပြန်လည်တန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် CNG သဘာဝဓာတ်ငွေ့ဆိုင်များတွင်လည်း အချိန်ကြာမြင့်စွာတန်းစီရသဖြင့် လိုင်းကားများကိုလည်း အများပြည်သူများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့်အပြင် ရုံးတက်ချိန်များတွင် လိုင်းကားပေါ်တွင် ယခင်ထက်ခရီးသည်ပိုကျပ်စွာစီးနင်းရခြင်းဖြစ်သည်။ ယနေ့ နံနက်တွင်လည်း YBS ယာဉ်လိုင်းပေါ်တွင် CNG အခက်အခဲဖြစ်နေသောကြောင့် ကားအစီးရေအပြည့်မထွက်နိုင်သဖြင့် ခရီးသည်များ သည်းခံစီနင်းပေးကြရန် ယာဉ်မောင်းများက သတိပေးပြောကြားနေသည်။

“CNG က အရင်ကထက် တန်းစီရတာကြာတယ်။ ဘာကြောင့်လဲတော့ သေချာမသိဘူး။ အရင်မီးမမှန်တုန်းကတောင် ဒီလောက်တန်းစီရတာမကျပ်တာ။ အခုက အရင်ထက်မီးမှန်နေတာကို ဘာကြောင့် ပိုတန်းစီနေရတာလည်း ကျွန်တော်လည်းမသိဘူး” ဟု တောင်ဒဂုံ-ဆူးလေ ပြေးဆွဲနေသည့် YBS-113 မှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *