September 20, 2024

၁၃.၈.၂၀၂၄
Written By Thandar

အနုပညာအလုပ်ရပ်နားထားရပေမဲ့ Come Back အနေနဲ့ပြန်ဝင်လာချိန်မှာ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ကတော့ မဟာက ရိုက်ကူးတဲ့ “ကျွန်မက ဗီလိန်” ဇာတ်လမ်းတွဲမှာ ၂ လုံး၊ ၃ လုံးထိုးတဲ့ လှလှဆွေဆိုတဲ့ ခပ်ကြမ်းကြမ်းအမျိုးသမီး တစ်ယောက်နေရာမို့ နည်းနည်းခက်ခဲတယ်လို့ ဆိုပါတယ်။

“ကာရိုက်တာက ရသမျိုးစုံပါဝင်တယ်လို့ ပြောလို့ရတယ်။ အငိုရော မိသားစုတစ်ခုရဲ့ ပြဿနာလေးတွေ ခပ်ကြမ်းကြမ်း စွာစွာဆိုတော့လေ။ မိုးပြည့် မလုပ်ဖူးသေးတဲ့ ၂ လုံး၊ ၃ လုံးထိုးတဲ့ ကာရိုက်တာ ဆိုတော့လေ။ ဒရာမာလည်း ပညာပေးလည်းပါပါတယ်။ အောင်သီရိ အစ်ကိုတွေ ကမ်းလှမ်းလို့ မိုးပြည့် ပြန်လည်ရိုက်ကူးဖြစ်ခဲ့တာပါ။ မိုးပြည့်အတွက် ဒီကာရိုက်တာ ၂ ဆတော့ ပင်ပန်းတယ်။ ၂ လုံး၊ ၃ လုံး သိပ်နားမလည်လို့ မှားတာရှိရင် ခွင့်လွှတ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ ထိုးနေတာတွေရှိတယ်။ မထိုးဖူးဘူး။ အလကားရမယ့် ဇာတာကလည်း မပါဘူးလေ။ အဲ့ဟာနဲ့ စိမ်းတယ်လေ။ သူတို့ပေးတဲ့ ဇာတ်ပေါ်မှာ ကြိုးစားခဲ့ရတယ်။ မိုးပြည့် ၂ လုံး၊ ၃ လုံး မထိုးတတ်သူမို့ နည်းနည်း ခက်ခဲတာပေါ့နော်။ နက္ခတ်က ဘာ၊ ညီနောင်က ဘာဆိုတာ သေချာမှတ်ရတာပေါ့။ မိုးပြည့်ရဲ့ လေ့လာရတဲ့အတွေ့အကြုံသစ်တွေပေါ့။ တော်တော် လေ့လာလိုက်ရတယ်” လို့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က ပြောပါတယ်။

သူမကတော့ အနုပညာအလုပ်တွေကို ၅ နှစ်ကျော်လောက် ရပ်နားထားခဲ့ပြီး ပြန်လည်ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲလို့လည်း ဆိုပါတယ်။ မိုးပြည့်ပြည့်မောင်ကတော့ “ကျွန်မက ဗီလိန်” ဇာတ်လမ်းတွဲမှာ ခင်ပွန်းဖြစ်သူ ညီနန္ဒ၊ သားသမီးတွေဖြစ်တဲ့ ရဲရင့်မောင်မောင်၊ သီရိစိုးတို့နဲ့အတူ ခက်ခဲကြမ်းတမ်းလှတဲ့ မိသားစုဘဝပုံစံကို ဒါရိုက်တာ ဘိုသန့်က အကောင်းဆုံး ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

“အရင်တော့ ဇာတ်ကားတစ်ခုမှာ လှဖို့ပြဖို့တွေ ပိုဦးစားပေးခဲ့တယ်။ ခုနောက်ပိုင်းတော့ ဆင်းန်တိုင်းက လှဖို့ပဖို့ဆိုတာထက် ကာရိုက်တာ ပီပြင်အောင် အော်ရတာတွေရှိမယ်။ စကားလုံးတွေ သုံးရတာတွေ ကြိုးစားပြီး လုပ်ခဲ့ရတယ်။ မိုးပြည့်မိတ်ကပ် လည်း မလိမ်းဘဲ သဘာဝအတိုင်းပဲ ရိုက်ကူးခဲ့ပါတယ်။ မိုးပြည့်ရဲ့ ဇာတ်ဝင်ခန်းတစ်ချို့မှာ မှဲ့ခြောက်လေးပါ ပေါ်နေတာတွေပါပါတယ်။ မိုးပြည့်က အရှိကိုအရှိအတိုင်းပဲ သရုပ်ဆောင်ထားပါတယ် ။ ဒီဇာတ်ကားကို မိုးပြည့်ကိုယ်တိုင်လည်း အားရပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *