September 20, 2024

◾️ ပြည်ပရောက်မီဒီအချို့၏ မဟုတ်မမှန်ရေးသားမှုများကြောင့် ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်လျှင် ထိခိုက်ပျက်စီးမည်စိုးရိမ်နေသဖြင့် အာမခံကြေးပိုပေးရမှုကိုပါ ရင်ဆိုင်နေရ

၁၃. ၈. ၂၀၂၄
Written by Ye Kyaw

မိုးတွင်းကာလတွင် ဆန်နှင့်ဆန်ကွဲများကို ကွန်တိန်နာဖြင့်သာ တင်ပို့ခြင်းဖြစ်ပြီး ကွန်တိန်နာဈေးနှုန်းကြီးမြင့်မှုနှင့် ကွန်တိန်နာရရှိမှု အခက်အခဲများကြောင့် ယခုဘဏ္ဍာနှစ်လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၈ သိန်း ကျော်တင်ပို့ရန် လျာထားချက် ပြည့်မီအောင် မတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

မိုးတွင်းကာလ ဆန်တင်ပို့ရာတွင် သင်္ဘောကြီးများဖြင့် တင်ပို့ခြင်းထက် ကွန်တိန်နာများဖြင့်သာ အဓိကတင်ပို့ခြင်းဖြစ်ပြီး လက်ရှိတွင် ရုရှား-ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသတင်းမာမှု အခြေအနေများကြောင့် ကမ္ဘာ့ကွန်တိန်နာဈေးကွက်သည် ပြီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအခြေအနေ ဈေးနှုန်းများသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကွန်တိန်နာဖြင့် ဆန်နှင့်ဆန်ကွဲတင်ပို့မည်ဆိုပါက ကွန်တိန်နာတစ်လုံးအတွက် ကုန်ကျစရိတ်များမှာ မြန်မာနိုင်ငံမှ အာဖရိနိုင်ငံများသို့ ဒေါ်လာ ၄၀၀၀ ခန့်နှင့် အနောက်အာဖရိကနိုင်ငံများသို့ တင်ပို့လျှင် ပိုမိုကုန်ကျမှုရှိပြီး ဥပရောပနိုင်ငံများသို့ ဒေါ်လာ ၅၀၀၀ မှ ၆၀၀၀ ဝန်းကျင် ကျသင့်နေခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဆန်နှင့်ဆန်ကွဲအား ကွန်တိန်နာဖြင့် တင်ပို့မည်ဆိုပါက ရန်ကုန်ဆိပ်ကမ်းမှ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှတစ်ဆင့် ချိတ်ဆက်တင်ပို့ရခြင်းဖြစ်ပြီး မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ရှိ ဆိပ်ကမ်းများတွင် Transit Time ယခင်ကထက် ပိုမိုကြာမြင့်ခြင်းကြောင့် ကွန်တိန်ဈေးကွက်မြင့်တက်မှုနှင့် အခက်အခဲများဖြစ်ပေါ်ခြင်းကိုပါ ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။

“အဓိကတော့ ရာသီဥတုပဲ။ ကွန်တိန်နာအခက်အခဲနဲ့ ရာသီဥတုပဲ။ အရင်ကတော့ မိုးတွင်းဆိုရင် ကွန်တိန်နာတွေနဲ့ကြီးသွားတာ။ ဒါပေမဲ့ ခုနကပြောသလို ကွန်တိန်နာရရှိမှုအခက်ခဲရယ်၊ ဈေးတွေကြီးတယ်။ ဒါက ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံတည်းဖြစ်တာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးဖြစ်တဲ့ Global Issue ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကာလမှာ တန်ချိန် ၇ သိန်းနဲ့ ၈ သိန်းလောက်မှန်းပေမဲ့ တန်ချိန် ၄ သိန်းကျော်၊ ၅ သိန်းလောက်ပဲ တင်နိုင်တယ်။ နောက်ပိုင်းကို ကျွန်တော်တို့ ဆက်အားထည့်ရမှာပေါ့” ဟု ဦးရဲမင်းအောင်က ပြောသည်။

ကွန်တိန်နာရရှိမှုအခက်အခဲနှင့် ဈေးနှုန်းမြင့်တက်လာမှုတို့ကြောင့် လက်ရှိတွင် သင်္ဘောကြီးများဖြင့် ပြောင်းလဲတင်ပို့ရာတွင် မိုးတွင်းကာလဖြစ်သည့်အတွက် အစိုဓာတ်ဝင်ရောက်မှု ပိုများသဖြင့် ဆန်နှင့်ဆန်ကွဲများကို အစိုဓာတ် ၁၄ ရာခိုင်နှုန်းထိန်းထားရမှု အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ အစိုဓာတ် ၁၄ ရာခိုင်နှုန်းထက်ကျော်လွန်ပါက ပြည်ပသို့တင်ပို့၍မရခြင်းဖြစ်သည်။

ထို့ပြင် ပြည်ပရောက် Exile မီဒီယာများ၏ မဟုတ်မမှန် ရေးသားဖော်ပြချက်များကြောင့် ရန်ကုန်ဆိပ်ကမ်းသည်ပင်လျှင် မလုံခြုံ၍ သင်္ဘောဆိုက်ကပ်လျှင် ထိခိုက်ပျက်စီးမှုများရှိလာနိုင်သည်ဆိုသော စိုးရိမ်စိတ်များကြောင့် သင်္ဘောများ ဆိုက်ကပ်ရေးကိုပင် အာမခံကြေးများလည်း ပိုမိုပေးသွင်းနေရကြောင်း သိရသည်။

“တချို့သတင်းမီဒီယာတွေကလည်း မမှန်မကန် ဖော်ပြမှုတွေရှိတော့ ရန်ကုန်ဆိပ်ကမ်းကို သင်္ဘောလာရင် သင်္ဘောပဲထိခိုက်မယ်ဆိုတဲ့ဟာမျိုးတွေ ဒီလိုဟာတွေရှိတော့ အာမခံတဲ့နှုန်းတွေ၊ ဘာတွေက ပိုမြင့်တယ်။ ဒါတွေမှာလည်း ညှိနှိုင်းလုပ်ရတာတွေ အခက်အခဲလေးတွေရှိတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းအထိ တိုးမြှင့်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်အထိ ရရှိစေရန်ရည်မှန်းဆောင်ရွက်နေမှုကြောင့် တစ်လလျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ရမည်ဖြစ်သည်။

သို့သော် ယခုဘဏ္ဍာနှစ် လေးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၅ သိန်းကျော်တင်ပို့မှုမှ ဝင်‌ငွေဒေါ်လာသန်း ၂၅၀ ကျော်ရရှိခဲ့သော်လည်း လစဉ်တန်ချိန် ၂ သိန်းကျော် တင်ပို့ရန်လျာထားချက်အား လေးလဆက်တိုက် မပြည့်မီခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *