September 20, 2024

◾️ မနက်ဖြန် ဂျပန်နိုင်ငံသို့ ပြန်ပို့မည်ဟုဆို

၁၂. ၈. ၂၀၂၄
Written by Zun

ဆန်ဈေးအဆမတန်မြှင့်တင်ရောင်းချမှုဖြင့် ထောင်တစ်နှစ်ချမှတ်ခံရကာ ငွေဒဏ် ၅ သိန်း ပေးဆောင်ရန်တရားရုံးက အမိန့်ချခံခဲ့ရသည့် ဂျပန်နိုင်ငံသားကို ဂျပန်သံအမတ်ကြီးက ခေါ်ဆောင်သွားပြီး မနက်ဖြန် သြဂုတ်လ ၁၃ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်နိုင်ငံသားမှာ အသက် ၅၃ နှစ်အရွယ်ရှိ ဂျပန်နိုင်ငံသား ဟီယိုရှီ ကာဆာမတ်ဆု ဆိုသူ ဖြစ်ပြီး ကာဆာမတ်ဆုသည် ဂျပန်နှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်တို့ ပူးပေါင်းလုပ်ကိုင်နေသည့် Aeon Orange စူပါမားကတ်အရောင်းဆိုင်၏ ဒါရိုက်တာတစ်ဦးဖြစ်ကာ ဆန်ကို သတ်မှတ်ထားသည့်ဈေးထက် အမြတ် ၇၀ ရာခိုင်နှုန်းတင် ကျော်လွန်ရောင်းချခဲ့ခြင်းကြောင့် ဇွန်လ ၃၀ ရက်တွင် ထိန်းသိမ်းခံခဲ့ရပြီး ယနေ့တွင် အမိန့်ချမှတ်ခံရသော်လည်း နှစ်နိုင်ငံဆက်ဆံရေး ထိန်းသိမ်းရန် မြန်မာအစိုးရက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“သံအမတ်ကြီးက ညနေ ၅ နာရီလောက်က ခေါ်ထုတ်သွားတယ်။ ကျွန်တော်တို့ သိရသလောက်ကတော့ လ.ဝ.က နဲ့လည်း ညှိနှိုင်းကြရတယ်လို့ ကြားတယ်။ သေချာတာ တစ်ခုက မနက်ဖြန် လေယာဉ်နဲ့ ဂျပန်ကို ပြန်ပို့မယ်တဲ့”ဟု သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

ဆန်ဈေးအဆမတန်မြှင့်တင်ရောင်းချမှုဖြင့် ဖမ်းဆီးခံထားရသော ဂျပန်နိုင်ငံသားကို ယနေ့ သြဂုတ်လ ၁၂ ရက်တွင် မြောက်ဥက္ကလာပတရားရုံးက ထောင်ဒဏ် (၁)နှစ် နှင့် ဒဏ်ငွေ ၅ သိန်း ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးက အထက်ပါအတိုင်း ခေါ်ယူသွားခြင်းလည်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းက သိရသည့်အပြင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ယနေ့ညနေက ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း မီဒီယာများကို ထုတ်ပြန်ပေးထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *