September 20, 2024

၁၂. ၈. ၂၀၂၄
Written by Nyein Kyaw

PDF များက တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် တောင်သာစွပ်ကျယ်စက်ရုံနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၂ ရက်(ယနေ့) နံနက်ပိုင်းတွင် PDF များသည် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ပိုက်လိုင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ တောင်ဘက်မီတာ ၃၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထို့ပြင် PDF များသည် ယနေ့ နေ့လယ်ပိုင်းတွင် တောင်သာမြို့၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ တောင်သာစွပ်ကျယ်စက်ရုံသို့ မော်တော်ဆိုင်ကယ် ၇ စီးဖြင့် ရောက်ရှိလာပြီး စက်ရုံဝန်းတံခါးအား ရိုက်ချိုးဖျက်ဆီး၍ စက်ရုံအုပ်ချုပ်မှုရုံးနှင့် ရုံးပိုင်မော်တော်ယာဉ် ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းနောက် စက်ရုံဝန်ထမ်းများပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ၃ စီးအား ယူဆောင်၍ လာရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် စက်ရုံဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းပတ်ပိတ်ဆို့၍ လိုက်လံချေမှုန်းလျက်ရှိကြောင်းနှင့် တောင်သာမြို့နယ်အတွင်း လိုအပ်သည့်နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *