September 20, 2024

၁၂. ၈. ၂၀၂၄
Written by Phyo Wei

ဆန်စျေးကို အမြတ် ၇၀ ရာခိုင်နှုန်းအထိ အဆမတန်အမြတ်တင်ရောင်းခဲ့တဲ့ Aeon Orange စူပါမားကတ်အရောင်းဆိုင်ရဲ့ ဒါရိုက်တာ ဂျပန်နိုင်ငံသား ကာဆာမတ်ဆုကို ထောင်ဒဏ်တစ်နှစ်နဲ့ ကျပ် ငါးသိန်း ချမှတ်လိုက်ပေမဲ့ မိတ်ဝတ်မပျက်ဖို့ လွှတ်ပေးရတဲ့ ဒီတစ်ပတ်မှာပဲ မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုတွေကြောင့် စိုက်ဧက တစ်သန်းလောက် ရေမြုပ်ခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆန်ပိုနိုင်ငံဖြစ်တာကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပိတ်ဆို့မှုမရှိသရွေ့ ဆန်ဖူလုံမှု စိတ်ပူစရာမရှိဘူးလို့ ဆန်အသင်းက ပြောလာပြီး ဆန်စျေးတည်ငြိမ်ရေးလည်း ဝိုင်းဝန်းလုပ်ဆောင်ပေးနေတယ်လို့ ဖွင့်ဟလာတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံက ရေဘေးသင့်သူ တစ်သိန်းကျော်ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကူညီထောက်ပံ့ပေးမယ်ဆိုတာ၊ ထိန်းမနိုင် သိမ်းမရ ထိန်းကျောင်းမှုမမြင်ရတဲ့ ရွှေစျေးက တစ်ကျပ်သား သိန်း ၇၀ ကျော်လာပြီး ဒေါ်လာစျေးက တစ်ဒေါ်လာ ၆၀၀၀ ကျော်လာတာ၊ ပို့ကုန်ရငွေရဲ့ ၇၅ ရာခိုင်နှုန်းအထိ ပြင်ပမှာ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးလိုက်တဲ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်ကျော်က တင်ပို့ထားတဲ့ ပိုကုန်ရငွေတွေကိုပါ လာမယ့် နိုဝင်ဘာ ၃၀ ရက်မတိုင်မီ ပြန်လည်ပေးသွင်းမယ်ဆို ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ ပြင်ပမှာ လွတ်လပ်စွာ ရောင်းချခွင့်ပြုမယ်ဆိုတာ၊ သွင်းကုန်ပစ္စည်း ဈေးနှုန်းမှန်ကန်စေဖို့ ဩဂုတ်လ ၁၂ ရက်က စတင်ပြီး သွင်းကုန်ပစ္စည်း ၃၃၀၀ ခန့်ကို သတ်မှတ်ထားတဲ့ သွင်းကုန်ရည်ညွှန်းဈေးနှုန်းအတွင်း ဆောင်ရွက်ရမယ် ဆိုတာနဲ့ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်အကြိုစျေးကွက်အဖြစ် MAGDPL ရှယ်ယာတွေ စတင်ရောင်းချမယ်ဆိုတဲ့ ဖြစ်စဉ်တွေရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် မှတ်ပုံတင်မရှိဘဲရောင်းချတဲ့ အွန်လိုင်းစျေးသည်တွေကို အရေးယူမယ်ဆိုတဲ့အကြောင်း၊ အနည်းဆုံးလုပ်အားခ ၆၈၀၀ ဖြစ်လာတဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းတယ်ဆိုတဲ့ အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

မှတ်ပုံတင်မရှိဘဲ ရောင်းချရင် အရေးယူခံရမဲ့ အွန်လိုင်းစျေးသည်

အွန်လိုင်းစနစ်ကနေ ရောင်းချတဲ့လုပ်ငန်းကို အရေး ကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး အဲဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ လိုအပ်သလိုဆောင်ရွက်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အပ်နှင်းထားတာကြောင့် စီးပွားကူးသန်းဝန်ကြီးဌာနဟာ နိုင်ငံသားအကျိုးစီးပွားကို အထောက်အကူပြုမဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို အကာအကွယ်ပေးဖို့၊ နိုင်ငံသား အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ကန့်သတ်တားဆီးဖို့နဲ့ ဘေးအန္တရာယ်၊ ကူးစက်ရောဂါ၊ အခြားမလိုလားအပ်တဲ့ ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်တဲ့ ကုန်စည်နဲ့ တိရစ္ဆာန်တွေကို ပြည်တွင်းသယ်ဆောင်တာ၊ ပြည်တွင်းကို တင်သွင်းတာနဲ့ ပြည်ပကို တင်ပို့တာတွေ တားဆီးနိုင်ဖို့ လုပ်ဆောင်မှာဖြစ်သလို အွန်လိုင်းမှတ်ပုံတင်မှုနဲ့ပတ်သက်လို့ ကင်းလွတ်ခွင့်ပေးခဲ့တဲ့ ကာလကလည်း ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ အရေးယူမှုတွေ စတင်တော့မှာဖြစ်သလို အွန်လိုင်းကနေ လိမ်လည်ရောင်းချသူတွေ၊ ငွေလိမ်သူတွေ၊ အွန်လိုင်းကနေ သိန်းသောင်းချီရောင်းနေပြီး အခွန်မဆောင်တဲ့ စိန်ရွှေရတနာဆိုင်တွေ၊ ပြည်ပကနေ ကုန်ပစ္စည်းအမျိုးမျိုးကို တင်သွင်းနေသူတွေ၊ ပြည်ပမျိုးစိတ်တိရစ္ဆာန်တွေ တင်သွင်းနေသူတွေ အားလုံးဟာ စီးပွားကူးသန်းရဲ့ ထိန်းချုပ်မှု အမိန့်တွေ စည်းမျည်းတွေကို လိုက်နာရတော့မှာပါ။ မလိုက်နာဘူးဆိုရင် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်မှာ ပြဌာန်းခဲ့တဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပေဒ ပုဒ်မ (၄)၊ ပုဒ်မခွဲ (ဂ)အရ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်မှုတွေကို ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိ ချမှတ်နိုင်တဲ့အပြင် ကျပ်ငါးသိန်းထက် မပိုတဲ့ဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရမယ်လို့ ပြဌာန်းထားတာကြောင့် အွန်လိုင်းကနေ ရောင်းချနေတဲ့ Online Shopping တွေဟာ အရင်လို ထင်တိုင်းကြဲခွင့်တော့ ရတော့မှာ မဟုတ်ပါဘူး။

ဒီနေရာမှာ အကြံပြုချင်တာတစ်ခုတော့ရှိပြီး အွန်လိုင်းမှတ်ပုံတင်မတင်ဘဲ ရောင်းချတာတွေ ဖမ်းဆီးမယ်ဆိုရာမှာ တစ်ကျော့ပြန် ခေါင်းထောင်လာတဲ့ အများပြည်သူအကျိုးစီးပွားထိခိုက်စေတဲ့ Multi Level Marketing တွေကို မှတ်ပုံတင်ခွင့်မပြုတာ၊ မှတ်ပုံတင်ပြီးမှ MLM ထုတ်ကုန်တွေကို တရဟော ရောင်းချဖြန့်ဖြူးနေတာတွေကို ဦးစားပေးအရေးယူပေးဖို့ တောင်းဆိုချင်တာပါ။ အရင် အစိုးရဟောင်းလက်ထက်မှာ ပပျောက်သွားခဲ့တဲ့ MLM တွေဟာ နိုင်ငံရေးမတည်ငြိမ်မှုကို အရင်းပြုပြီး အွန်လိုင်းမှာ တွင်ကျယ်လာတဲ့အပြင် ဒီ MLM တွေဟာ မသိနားမလည်တဲ့ပြည်သူတွေကို အလုံးအရင်းနဲ့ လိမ်လည်နေပြီး ဒီလို လိမ်လည်မှုကိုလည်း ထိန်းကျောင်းသူမရှိဖြစ်နေတာမို့လို့ လက်ရှိအချိန်မှာ အွန်လိုင်းစျေးသည် အရေးယူရင် ပြည်တွင်းထုတ်ကုန်လေးတွေကို သွေးရိုးသားရိုးရောင်းဝယ်စားသောက်ပြီး မှတ်ပုံမတင်မိသူတွေထက် နိုင်ငံနဲ့ ပြည်သူ အကျိုးမပြုတဲ့ MLM ထုတ်ကုန်တွေကို ဆယ်လီတွေနဲ့ ကြေညာရောင်းချနေတဲ့ Page တွေကို အရင်ဆုံး ထိထိရောက်ရောက် အရေးယူပေးပါ တိုက်တွန်းလိုပါတယ်။

၆၈၀၀ ဖြစ်လာတဲ့ အနည်းဆုံးလုပ်အားခ

အခု ဩဂုတ်လ ၁ ရက်ကနေစပြီး လက်ရှိထောက်ပံ့နေတဲ့ အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ အပြင် နောက်ထပ် ကျပ် ၁၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုမှာဖြစ်လို့ အနည်းဆုံးလုပ်ခအား ကျပ် ၆၈၀၀ အဖြစ် ခွင့်ပြုသွားမှာဖြစ်တဲ့အကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ပြန်ထားပါတယ်။ အနည်းဆုံးအခကြေးငွေနှုန်းထားတွေကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ(ဃ)နဲ့အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တဲ့ “ မြန်မာနိုင်ငံရှိ အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်ချိန် ၈ နာရီ တစ်ရက်အတွက် ၄,၈ဝဝ ကျပ်အဖြစ် ၂၀၁၈ ခုနှစ် မေလ ၁၄ ရက်မှာ ထုတ်ပြန်သတ်မှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးမြှင့်ပေးခဲ့လို့ အနည်းဆုံးလုပ်ခလစာ ကျပ် ၅၈၀၀ အဖြစ်သတ်မှတ်ခဲ့တာပါ။ လက်ရှိအချိန်မှာ အလုပ်သမားတွေ ပိုမိုအဆင်ပြေစေဖို့ ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ထပ်မံထောက်ပံ့ပေးဖို ကြေညာခဲ့တာကြောင့် အလုပ်ချိန် ၈ နာရီ တစ်ရက်လုပ်ခအတွက် အနည်းဆုံး လုပ်ခ ကျပ် ၆၈၀၀ နှုန်းသတ်မှတ်ခဲ့ပြီး အလုပ်လုပ်ရက်နဲ့ ခွင့်ရက်တွေအတွက် ခံစားခွင့်ပြုရမှာပါ။

ဒီနေရာမှာ ကျပ် ၄၈၀၀ ကို ကျပ် ၁၀၀၀ စတင် ထောက်ပံ့ကြေးတိုးပေးရာမှာ အလုပ်သမားတွေဘက်က ထွက်လာတဲ့ မကျေလည်မှုဟာ တိုးလာတဲ့ ကျပ် ၁၀၀၀ က ထောက်ပံ့ကြေးသာဖြစ်လို့ အချိန်ပိုကြေး၊ ခွင့်ရက်ကြေးတွေမှာ ထည့်သွင်းတွက်ချက်ခြင်းမခံရဘူးဆိုတဲ့ အသံပါ။ လက်ရှိအချိန်မှာ ထောက်ပံ့ကြေးက ကျပ် ၂၀၀၀ တိုးလာတာဖြစ်ပြီး ဒီပမာဏက အရင် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ရဲ့ ၄၂ ရာခိုင်နှုန်းလောက်ရှိနေပြီး အချိန်ပိုကြေးတွေ၊ ခွင့်ရက်ကြေးတွေသာ တကယ်တွက်ပေးမယ်ဆိုရင် အလုပ်သမားတွေအဖို့ ခုသာခံသာဖြစ်လာမှာပါ။ လက်ရှိ ဒေါ်လာစျေးအရ ကျပ် ၆၈၀၀ ဟာ တစ်ဒေါ်လာလောက်ပဲရှိတော့တာဖြစ်လို့ အလုပ်ရှင်တွေဘက်မှာလည်း လျှပ်စစ်မီးနဲ့ သယ်ယူပို့ဆောင်ရေးအကျပ်အတည်းရှိတယ်ဆိုပေမဲ့ ဒီနှုန်းဟာ ကျပ် ၄၈၀၀ သတ်မှတ်စဉ်က ၃ ဒေါ်လာနှုန်းလောက်တောင် မရှိတော့တာမို့လို့လည်း တာဝန်ရှိသူတွေအနေနဲ့ ထောက်ပံ့ကြေးဆိုပြီး အချိန်ပိုကြေးတွေ၊ ခွင့်ရက်ကြေးတွေ ခံစားခွင့်မပေးတာမျိုးမဖြစ်ဖို့၊ တစ်ဖက်မှာလည်း ကုန်စျေးနှုန်း ဆက်မတက်အောင် ထိန်းဖို့ လုပ်နိုင်ရင် အလုပ်သမားတွေအတွက် အနည်းငယ်သက်သောင့်သက်သာ ဖြစ်လာမယ် ယူဆရပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းတဲ့ ထိုင်းနိုင်ငံ

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုများစွာဖြစ်လာစေခဲ့ပြီး ထိုင်းကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအတွင်းက ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလျံကနေ ၄ ဒသမ ၄၅ ဘီလျံအထိ ကျဆင်းသွားတယ်လို့ ထိုင်းနိုင်ငံဘက်ခြမ်းက သတင်းတွေမှာ ဖော်ပြလာတာ တွေ့ရပါတယ်။

နွေဦးတော်လှန်ရေးဖြစ်စဉ်ကာလမှာ အလုံးစုံပျက်သုဉ်းရေးလုပ်ဆောင်ကြရင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ထိုးနှက်တိုက်ခိုက်တာနဲ့ ပိတ်ဆို့မှုတွေကြောင့် ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒေါ်လာ ၁၁ ဒသမ ၆ ဘီလျံတန်ဖိုးရှိတဲ့ စီမံကိန်း ၁၅၅ ခုရှိခဲ့ရာက ဒေါ်လာ ၄ ဒသမ ၄၅ ဘီလျံသာ တန်ဖိုးရှိတဲ့ စီမံကိန်း ၁၀၅ ခုပဲ ကျန်တဲ့အထိ ကျဆင်းသွားမှုနဲ့အတူ တစ်ချိန်က မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံတဲ့ ထိုင်းကုမ္ပဏီတွေက ပဉ္စမနေရာကို ကျဆင်းသွားတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံသားအများအပြားဟာ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ သွားရောက်လုပ်ဆောင်နေကြသလို ကွန်ဒိုဝယ်ယူမှုကလည်း ရုရှားကို ကျော်တက်ပြီး ဘတ် ဘီလျံဆယ်နဲ့ချီ ခဏအတွင်း မြင့်တက်လာတဲ့ ဖြစ်စဉ်ကိုလည်း မြင်ရပြန်ပါတယ်။ ထိုင်းကုမ္ပဏီတွေ ထွက်ခွာမှုက စီမံကိန်း ၅၀ ခန့် ဆုံးရှုံးသွားခဲ့ရလို့ မြန်မာ့စီးပွားရေးနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်သလို မြန်မာ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပိုင်ဆိုင်မှုတွေ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့နေကြတာလည်း မြန်မာနိုင်ငံအတွက် ကြီးမားတဲ့အခက်အခဲဖြစ်တဲ့အပြင် ဒီလိုရွှေ့ပြောင်းမှုဟာ ပိုင်ဆိုင်မှုအကုန် ရောင်းဝယ်ပြောင်းရွှေ့ကြတာဖြစ်လို့လည်း ပြည်တွင်းမှာ ထိန်းမရသိမ်းမရတက်နေတဲ့ အိမ်ခြံမြေရွှေငွေကားစျေးနဲ့ ထပ်ဆင့် ခက်ခဲရတဲ့အခြေအနေလည်းဖြစ်နေတယ်ဆိုတာ ပြီးခဲ့တဲ့ သုံးနှစ်ကထက် သုံးဆအထက် တက်လာတဲ့ စျေးနှုန်းတွေက သက်သေခံပါတယ်။ ဒီလို ဖြစ်ရပ်ဆိုးတွေရပ်ဖို့ဟာလည်း နိုင်ငံရေးအကျပ်အတည်းပြေလည်မှသာဖြစ်လာမှာဖြစ်လို့ လက်နက်ကိုင်သူအားလုံးဟာ နိုင်ငံနဲ့ ပြည်သူကို မျက်နှာမူဖို့နဲ့ ပိုကျပ်တည်းလာလေ အခွံပဲ ကျန်လေလေ နိုင်ငံမှာ အုပ်ချုပ်သူချည်း ရှင်သန်လို့မရတာ သတိမူစေချင်ကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *