September 20, 2024

၁၂. ၈. ၂၀၂၄
Written by Nay Moe

မင်းလှမြို့နယ်၊ ဆင်တဲကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်အား ယနေ့ နေ့လယ်က သာယာဝတီ PDF သုံးဖွဲ့ပေါင်း၍ သေနတ်ဖြင့် ၁၅ ချက် ပစ်သတ်လိုက်သည်ဟု သတ်ဖြတ်သည့် PDF သုံးဖွဲ့က ဝန်ခံချက်ထုတ်ပြန်ထားသည်။

ဖြစ်စဥ်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းမြင့် အား ယနေ့ ဩဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်က မင်းလှမြို့မှ ဆိုင်ကယ်စီး၍ ပြန်လာစဥ် စိန်ပုရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ PDF များပူးပေါင်း၍ သေနတ်ဖြင့် ၁၅ ချက် ပစ်သတ်ခဲ့ရာ ဦးသန်းမြင့်မှာ နေရာတင် သေဆုံးသွားကြောင်းနှင့် လက်ပစ်ဗုံး၁လုံး၊ မိုဘိုင်းဖုန်း၁လုံး၊ ဓား ၁ လက်၊ ပေကြိုး ၁ ခုနှင့် စာရွက်စာတန်းတချို့အား သိမ်းယူခဲ့သည်ဟု သတ်ဖြတ်သည့် PDF များက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်သည် လူငယ်များအား စစ်မှုထမ်းရန် ခြိမ်းခြောက်ဖိအားပေး လူစုကာ ငွေကြေးကောက်ခံခြင်း၊ တောင်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေး ကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် အာဏာပြခြိမ်းခြောက်၍ ငွေကြေး ကောက်ခံခြင်းများ ပြုလုပ်နေသောကြောင့် သတ်ဖြတ်သည်ဟုလည်း PDF သုံးဖွဲ့က ဆင်ခြေပေးသည်။

ပဲခူးတိုင်းမှ PDF များသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အဓိက သတ်ဖြတ်နေပြီး ယခုနှစ်အတွင်း ပဲခူးတိုင်းတစ်ခုတည်းတွင်ပင် အုပ်ချုပ်ရေးမှူး ရာဂဏန်းခန့် သတ်ဖြတ်ခံထားရသော်လည်း တရားခံ ဖမ်းမိမှုမရှိသလောက် နည်းပါးနေသည်။ နွေဦးတော်လှန်ရေး စတင်ချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုမျုးကြောင့် ရဟန်း၊ သံဃာ ၈၄ ပါး ပျံလွန် တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦးကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲချက်ဖြင့် NLD/CRPH/NUG/PDF/EAOs တို့က သတ်ဖြတ်ထားသလို ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦ ၁၀,၉၃၀ လုံးကိုလည်း တိုက်ခိုက်ဖျက်ဆီးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *