September 20, 2024

၁၂. ၈. ၂၀၂၄
Written by Nyein Kyaw

အိမ်အရောက်ပို့စနစ်ဖြင့် စားအုန်းဆီယူရာတွင် ဖုန်းဆက်သွယ်ခေါ်ယူမှုများ ပြန်လည်အဆင်ပြေလာပြီး ဆီများကိုလည်း အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အသိပေး ထုတ်ပြန်ထားသည်။

စားအုန်းဆီ အိမ်အရောက်အပို့စနစ်အား ဇူလိုင်လ ၃၁ ရက်မှစတင်ပြီး Call Center ဖုန်းနံပါတ် ၀၁ -၂၃၉၉၂၂၂ (လိုင်းခွဲ – ၇လိုင်း)ဖြင့် တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ) နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း အမှာစာများ လက်ခံပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စားအုန်းဆီမှာယူသူ ပိုမိုများလာသောကြောင့် ဦးစားပေးဖုန်းအမှတ် ၀၉-၇၇၉၇၇၈၈၈၇ (လိုင်းခွဲ-၉) ခုဖြင့် ဆီအမှာစာများကို ဩဂုတ်လ ၈ ရက်မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လိုင်းခွဲနှင့် မှာယူနိုင်သည့်အချိန်များ ထပ်မံတိုးမြှင့်လက်ခံပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့်ရက်ပိုင်းက စားသုံးသူများ မှာယူရာတွင် ဖုန်းလိုင်းကျနေခြင်းနှင့် ခေါ်ဆို၍မရရှိခြင်းများ ဖြစ်ပေါ်ခဲ့သလို Call Center Phone တွင် System Error ဖြစ်ပွား၍ ဖြန့်ဖြူးခြင်းလုပ်ငန်း တုံ့ဆိုင်းသွားခြင်းဖြစ်ပေါ်ခဲ့သဖြင့် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၀ ရက် (စနေနေ့) နေ့လယ်ပိုင်းမှသာ ပြန်လည်ဆက်သွယ်မှာကြားနိုင်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ဖုန်းလိုင်းတွေ ပြန်အဆင်ပြေပြီဆိုတဲ့နေ့ စနေနေ့ နေ့လယ်ကမှာလိုက်တာ ဒီနေ့လာပို့တယ်။ ဆီဈေးကအတူတူပဲ။ ပို့ဆောင်ခတော့ မြို့နယ်ပေါ်မူတည်ပြီး ကွာသွားတယ်။ အစ်မတို့မှာတာက ၂ ပိဿာကို အပြီးအစီး ၁၅၁၀၀ ကျတယ်။ လာမပို့ခင်မှာလည်း မှာထားတဲ့ ဖုန်းနံပါတ်ကို ကျသင့်ငွေကို SMS ကနေ ပို့ထားပေးတယ်။ အဲဒီတော့ သူတို့ဖုန်းဆက်ရင် ကျသင့်ငွေယူပြီး ဆင်းယူလိုက်ရုံပဲ” ဟု မင်္ဂလာတောင်ညွှန်မြို့နယ်မှ စားအုန်းဆီအိမ်အရောက်ပို့ မှာယူခဲ့သူတစ်ဦးက ပြောသည်။

စားအုန်းဆီအိမ်အ‌ရောက်ပို့စနစ်တွင် ပို့ဆောင်ခ (Delivery)ကို မှာကြားသည့်ဝယ်သူက ပေးချေရမည်ဖြစ်ပြီး ပစ္စည်းရောက် ငွေချေစနစ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်သည်။ မှာယူသည့်နေ့ရက်မှစ၍ သုံးရက်အတွင်း အိမ်အ‌ရောက်ပို့ပေးမည်ဖြစ်ပြီး ဆီဖိုးကို ကြိုတင်ပေးချေရန် မလိုကြောင်း အထူးသတိပေးထားသည်။

ဈေးနှုန်းအနေဖြင့် တနင်္လာနေ့တိုင်း သတင်းစာများတွင် ထုတ်ပြန်သည့် လက်ကားရည်ညွှန်းဈေးနှုန်းကိုအခြေခံ၍ အကျိုးအမြတ်ထည့်သွင်းထားခြင်းမရှိဘဲ ဘူးခွံဖိုးနှင့် ဘူးသွပ်ခကို ထည့်သွင်းတွက်ချက်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချသွားနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *