September 20, 2024

၁၂. ၈. ၂၀၂၄
Written by Ye Kyaw

ပြည်တွင်း၌ ဆန်ဖူလုံမှုရှိသည့်အတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကိုသာ ပိတ်ဆို့မှုမရှိအောင် စီစဉ်ပေးနိုင်မည်ဆိုပါက ဆန်ပြတ်လပ်မှုနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှုအတွက် ပြည်သူများ စိုရိမ်စရာမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ‌ဦးရဲမင်းအောင်က ယနေ့ ပြုလုပ်သည့် ဆန်းစပါးအသင်းချုပ်၏ သတင်းပြန်ကြားဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက်ဧက နှစ်သန်းစိုက်ပျိုးမှုအနက် ယခုနှစ် ရေလွှမ်းမိုးမှုဒဏ်ခံရသည့် မိုးစပါးစိုက်ဧက တစ်သန်းခန့်သာရှိသည့်အတွက် မိုးစပါးစိုက်ဧက ၁၄ သန်းခန့်အထိ ပုံမှန်အတိုင်း စိုက်ပျိုးထားနိုင်ခြင်းဖြစ်သည်။ ထို့အပြင် လက်ရှိတွင် ဆန်နှင့်စပါးအဟောင်းများလည်း ကျန်ရှိနေသေးပြီး အရန်ဆန်များလည်း လုံလုံလောက်ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ အကြမ်းဖျင်း ခြုံငုံပြောမယ်ဆိုရင်တော့ ပြည်တွင်းဆန်ဖူလုံမှုကတော့ လက်ရှိဆန်အဟောင်း၊ စပါးအဟောင်းတွေလည်း ရှိတယ်။ လုံလုံလောက်လောက်ရှိတဲ့အတွက် လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ ဘာမှ ဒီလောက်ကြီးစိုးရိမ်စရာမရှိဘူး။ သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းတွေ ပိတ်ဆို့မှုမဖြစ်အောင်ဘဲ စီစဉ်ပေးဖို့လိုအပ်တယ်။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ချောမွေ့နေမယ်ဆိုရင်တော့ ဆန်အနေနဲ့ပြောမယ်ဆိုရင် ပြည်သူတွေ စိုးရိမ်စရာမရှိဘူး။ ဈေးလည်း ကျွန်တော်တို့ တတ်နိုင်သလောက် တည်ငြိမ်အောင် ဝိုင်းပြီးတော့ ထိန်းသိမ်းဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

လက်ရှိအချိန်တွင် ရှမ်းမြောက်ဒေသ၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသအချို့တို့တွင် လက်နက် ကိုင်တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ရှောင်ပြည်သူများသည်ပင် စစ်ဘေးဒဏ်လွတ်ရာဒေသများသို့ ပြောင်းရွှေ့သွားလာရန် အခက်အခဲဖြစ်ပေါ်နေပြီး MNDAA တိုက်ခိုက်နေသည့် လားရှိုးမြို့မှ မန္တလေးမြို့သို့ ခရီးသည်သီးသန့်သွားမည်ဆိုလျှင်ပင် သုံးရက်ခန့်ကြာမြင့်နေသည်။

ထို့အတူ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ကရင်ပြည် နယ်၊ မြဝတီ-ကော့ကရိတ် (အာရှလမ်းမကြီး)ကိုလည်း ပိတ်ထားရသည်မှာ ၈ လကျော်ရှိပြီဖြစ်သည့်အပြင် လက်ရှိတွင်လည်း မန္တလေးမြို့အနီးဝန်းကျင်ရှိ ဒေသများအထိပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *