September 20, 2024

Photo - MG Kaung

၁၂.၈.၂၀၂၄
Written by TZ

MNDAA တရုတ်ကိုးကန့်လက်နက်ကိုင် တိုက်ခိုက်ထိန်းချုပ်ထားသော ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ လူငယ်သင်တန်းကျောင်းအနီး၊ ရပ်ကွက် (၁၀)၊ နယ်မြေ (၁)၊ ကျောက်စိမ်းလမ်းတွင် နေအိမ်နှင့်အတူ MMK ဂျပန်စက်ဘီးအမျိုးမျိုးရောင်းဝယ်ရေးဆိုင်ဖောက်ထွင်းခံရ၍ ဂျပန်စက်ဘီးအစီးရေ ၄၆၅ စီးနှင့်အတူ Ducati မော်တော်ဆိုင်ကယ်ပါ ခိုးယူခြင်းခံခဲ့ရကြောင်း သိရသည်။

MMK ဂျပန်စက်ဘီးပိုင်ရှင်မိသားစုမှာ ကူမဲမြို့သို့ စစ်ဘေးရှောင်သောကြောင့် ဖောက်ထွင်းခံရသည့်နေအိမ်နှင့်ဂျပန်စက်ဘီးဆိုင်ကို သော့ခတ်၍ ခွေးတစ်ကောင်ကိုထားခဲ့ကြောင်း၊ သြဂုတ်လ ၉ ရက်နေ့တွင် Canter အမျိုးအစားယာဥ်ဖြင့် ဆိုင်နေရာသို့ အမည်မသိလူများရောက်ရှိပြီး ဆိုင်အတွင်း၌ရှိသည့် ဂျပန်စက်ဘီးများနှင့်အတူ မော်တော်ဆိုင်ကယ်ပါ ယူဆောင်သွားကြောင်း အစောင့်ထားခဲ့သည့်ခွေးကိုလည်း ပစ်သတ်သွားကြောင်း သိရသည်။

အဆိုပါဖောက်ထွင်းခံရသည့် ပိုင်ရှင်ကို MT News မှဆက်သွယ်မေးမြန်းရာ”အိမ်နားကသူက ဖုန်းဆက်ပြီးပြောတာ။ Canter ကားနဲ့လာပြီး စက်ဘီးတွေယူနေတယ်ဆိုပြီးဖုန်းဆက်လို့ သိတာ။ ခုချိန် ပြန်ပြီးသွားကြည့်လို့လည်းမရဘူး။ သော့တွေက သေချာခတ်ခဲ့တာ။ တော်ယုံသူဆိုဖောက်လို့ အဆင်မပြေဘူး။ ဆိုင်ထဲမှာ စက်ဘီးအစီးရေ ၄၆၅ စီးနဲ့ Ducati ဆိုင်ကယ်အသစ်ပါသွားတယ်။ ဂျပန်စက်ဘီးဆို အနိမ့်ဆုံး ၂၇၀၀၀၀ နဲ့ အမြင့်ဆုံး သိန်း ၂၀၊ သိန်း ၄၀ လောက်ရှိတယ်။ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေလည်း ယူသွားလောက်မှာ။ ကိုက်တဲ့ခွေးလည်းရှိတယ်။ ခွေးကိုလည်း သတ်သွားတာ” ဟု ပြောသည်။

ဖောက်ထွင်းခံရသည့် ဂျပန်စက်ဘီးများ၏ တန်ဖိုးငွေနှင့် Ducati Hypermotard 939(model 2016-17) ၏ တန်ဖိုးနှစ်ခုပေါင်းမှာ ကျပ် သိန်း ၄၀၀၀ ကျော်ဖိုး ရှိကြောင်းနှင့် ဆိုင်ပိုင်ရှင်က ကူမဲမြို့ရှိ ရဲစခန်းကိုလည်း တိုင်တန်းထားကြောင်း၊ ဂိတ်များကိုလည်းဆက်သွယ်အကြောင်းကြားထားကြောင်းလည်း သိရသည်။

Photo – MG Kaung

Leave a Reply

Your email address will not be published. Required fields are marked *