September 20, 2024

◾ ငွေဒဏ် ၅ သိန်းပါ ပေးဆောင်ရန် တရားရုံးက အမိန့်ချ

၁၂. ၈. ၂၀၂၄
Written by Zun

ဆန်ဈေးအဆမတန်မြှင့်တင်ရောင်းချမှုဖြင့် ဖမ်းဆီးခံထားရသော ဂျပန်နိုင်ငံသား ဟီယိုရှီ ကာဆာမတ်ဆုကို ယနေ့တွင် ထောင်ဒဏ် (၁)နှစ်နှင့် ဒဏ်ငွေ ၅ သိန်း ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းက သိရသည်။

“ဒီနေ့ မြောက်ဥက္ကလာပ တရားရုံးက ထောင်ဒဏ်(၁)နှစ်၊ ဒဏ်ငွေ ၅၀၀၀၀၀ ကျပ် ချမှတ်လိုက်ပါတယ်။ ပြည်နှင်ဒဏ်ပေးမယ်လို့တော့ မကြားဘူး”ဟု အဆိုပါ အသိုင်းအဝိုင်းက MT News ကို ပြောသည်။

ဂျပန်နိုင်ငံသားအား စတင်ဖမ်းဆီးသည့် ဇွန်လ ၃၀ ရက်က စ၍ အမှုကိုတရားစွဲတင်ကာ သြဂုတ်လ ၉ ရက်တွင် စစ်ဆေးမှု အပြီးသတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၁၂ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဂျပန်နိုင်ငံသားမှာ အသက် ၅၃ အရွယ်ရှိ ဂျပန်နိုင်ငံသား ဟီယိုရှီ ကာဆာမတ်ဆု ဆိုသူ Aeon Orange ကုမ္ပဏီအမှု ဆောင်အရာရှိဖြစ်ကာ မြန်မာအစိုးရက သတ်မှတ်စည်းကမ်းများကိုချိုးဖောက်၍ ဆန်ဈေး အဆမတန် မြင့်တက်ရောင်းချခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်။

ဂျပန်နိုင်ငံသား ကာဆာမတ်ဆုသည် ဂျပန်နှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်တို့ ပူးပေါင်းလုပ်ကိုင်နေသည့် Aeon Orange စူပါမားကတ်အရောင်းဆိုင်၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆန်ကို သတ်မှတ်ထားသည့်ဈေးထက် အမြတ် ၇၀ ရာခိုင်နှုန်းတင် ကျော်လွန်ရောင်းချခဲ့ခြင်းကြောင့် ဇွန်လ ၃၀ ရက်တွင် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

၎င်းအပါအဝင် လုပ်ငန်းရှင်ပေါင်း ၁၁ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ၊ ဖမ်းဆီးခံရသူများအနေဖြင့် ၂၀၁၂ ခုနှစ်၊အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ မှာ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်သော ဥပဒေလည်း ဖြစ်သည်။ ၎င်းဂျပန်နိုင်ငံသား ဟီယိုရှီ ကာဆာမတ်ဆုကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျပန်အစိုးရအဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီက ဇူလိုင်လ ၉ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့သေးသည်။

ယခုအခါ ယင်းကို အမိန့်ချမှတ်ပြီးနောက် အင်းစိန်းအကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *