September 20, 2024

၁၂. ၈. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ Myingyan Black Tiger (MBT)၏ စစ်ကြောင်း (၁) နယ်မြေအတွင်း သတင်းရယူရန်အတွက် အရပ်ဝတ်ဖြင့်ဝင်ရောက်လာသော ရဲတပ်သားတစ်ဦးနှင့် ပြည်သူစစ်တစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးနေစဥ် ပြည်သူ့စစ်အဖွဲ့ဝင်မှာ ခုခံထွက်ပြေးသဖြင့် ပစ်သတ်လိုက်သည်ဟု MBT က ယနေ့ထုတ်ပြန်သည်။

အရှင်ဖမ်းမိသည့် ရဲတပ်သားထွန်းလင်းသန့်ထံမှာ 7.62 (G3)ကျည် ၁၄၇ တောင့်၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးမှုအား Myingyan Black Tiger (MBT) မြင်းခြံခရိုင်တပ်ရင်း (၉)နှင့်အတူ Popa Guerilla Force (PGF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနယ်မြေများကို ဒေသခံ PDF များက ဩဂုတ် ၁၀ ရက်မှ စတင်၍ MNDAA ၏ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ကို ထောက်ခံမှုအဖြစ် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO) ကို လုပ်ဆောင်နေပြီး မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ဝဲလောင်ရွာအနီး လျှပ်စစ်ဓာတ်အားခွဲရုံစောင့်နေသော တောင်သာ- ကျောက်ပန်းတောင်းလမ်းပိုင်း စိုးမိုးရေးအတွက် အထိုင်ချတပ်စွဲထားသည့် တပ်စခန်းငယ်တစ်ခုအား ဩဂုတ် ၁၀ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး G2 တစ်လက်၊ M1 ကာဘိုင် တစ်လက်၊ ပွိုင့် 22 တစ်လက်နှင့် အခြား ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး ထိုစစ်ဆင်ရေးအား Myingyan Black Tiger (MBT) မြင်းခြံခရိုင် တပ်ရင်း (၉)နှင့်အတူ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.ကဖ)၊ နေပြည်တော်တပ်ရင်း(၈၀၁)၊တောင်သာမြို့နယ်ပြည်သူ့လုံခြုံ‌ရေးအဖွဲ့(ပလဖ)တို့ ပူးပေါင်းပါဝင်တိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယနေ့နံနက်တွင်လည်း PDF များက တောင်သာမြို့ကို စီးနင်းတိုက်ခိုက်နေ၍ ပြည်သူများ ထိခိုက်မှုရှိနေသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *