၂၄. ၁၂. ၂၀၂၂
Written by Min Mahar
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)မှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ကျောင်းသား ၂ ဦးနှင့် ဗကသအဖွဲ့ဝင်ဟောင်း CDM ကျောင်းဆရာ ၁ ဦးတို့ကို ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်လိုက်ပြီး အခြား ဗကသကျောင်းသားတစ်ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်က ဗကသအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂနှင့် မန္တလေးပညာရေးဒီဂရီကော လိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဌ ကိုအောင်မျိုးကို၊ ဗသများအဖွဲ့ချုပ်ဘဏ္ဍာရေးမှူး မသီရိရတနာနှင့် မန္တလေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အမှုဆောင်ဟောင်းတစ်ဦးလည်းဖြစ်ပြီး မန္တလေးပညာရေးကောလိပ်ဆင်း CDM ကျောင်းဆရာတစ်ဦးဖြစ်သည့် ကိုကျော်ဇင်လတ်တို့ကို မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများ ဖြစ်သော ပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ တို့ဖြင့်ထောင်ဒဏ် ၂၂ နှစ်စီအသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူပင် ဗကသများအဖွဲ့ချုပ်မှ ဘဏ္ဍာရေးဗျူရို တာဝန်ခံ ကိုကောင်းထက်ဦးကိုလည်း ဘားအံခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉ (က) ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
“မန္တလေးအိုးဘိုးထောင်တရားရုံးက ဗကသကျောင်းသား ၃ ဦးကို ထောင် ၂၂ နှစ်စီ ချလိုက်ပြီးတော့ ဘားအံခရိုင်တရားရုံးကလည်း ဗကသကျောင်းသား ၁ ဦးကို ထောင် ၁၅ နှစ်ချလိုက်ကြတယ်။ သူတို့အားလုံးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ပဲချခဲ့ကြတာပါ ” အမည်မဖော်လိုသူ ဗကသကျောင်းသားဟောင်းတစ်ဦးက MT News သို့ပြောသည်။
အဆိုပါ ၄ ဦးထဲမှ အိုးဘိုးထောင်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သော ၃ ဦးကိုမူ ၂၀၂၂ ခုနှစ်၊ မတ်လ၂ ရက်ညပိုင်းက အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နန်းတော်ရာစံပြကွက်သစ်၊ နယ်မြေ (၅)ရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၃ ဦးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ဖြစ်စဉ်အားမကျေနပ်သဖြင့် လမ်းပေါ်ထွက်ဆန္ဒပြခဲ့သည့်အချိန်တွင်လည်း ကိုယ်တိုင်ပါဝင်ခဲ့ကြသလို ၎င်းတို့ အဖမ်းမခံရခင်အချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားများနှင့်မိသားစုဝင်များအကြား အဆက်သွယ်မရဖြစ်နေလျှင် လစဉ်ထောင်ဝင်စာအတွက် ပြင်ဆင်ပို့ပေးနေကြသူများလည်းဖြစ်သည်။
ကိုကောင်းထက်ဦးကိုမူ ယခုနှစ် ဇူလိုင် ၁၂ ရက်က ဘားအံမြို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး CDM ကျောင်းဆရာမှာ စဉ့်ကူးမြို့နယ်၊ မကွေးတရာကျေးရွာ၊ အမက(မူလွန်)ကျောင်းမှ CDM ပြုလုပ်ထားသောကျောင်းဆရာဖြစ်သည်။