September 20, 2024

၁၂. ၈. ၂၀၂၄
Written by Nyein Kyaw

ပြည်သူများထံ ဆေးကုမ္ပဏီများ ဆေးဝါးတိုက်ရိုက်‌ရောင်းချပေးမှုကို ယနေ့မှစတင်၍ နေပြည်တော်ကောင်စီနယ်မြေတွင် ထပ်မံတိုးချဲ့ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ပံ့ပိုးမှုဖြင့် ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲအား နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ (မြင်းရုပ်အနီး)၊ မင်္ဂလာကန်တော်ခန်းမတွင် ဩဂုတ်လ ၁၂ ရက်(ယနေ့)မှ ဩဂုတ်လ ၁၇ ရက်အထိ ‌ရောင်းချပေးသွားမည်ဖြစ်သည်။

“ဒီနေ့စရောင်းပြီ။ ဩဂုတ်လ ၁၇ ရက်အထိ ရောင်းပေးမယ်။ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ။ ရောင်းချပေးမယ့်ပုံစံကတော့ ရန်ကုန်နဲ့ ပဲခူးမှာ ရောင်းချပေးခဲ့သလိုပဲ။ အချိန်ရော၊ ဆေးဝါးတွေရောအတူတူပဲ” ဟု မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ပြည်သူများထံ ဆေးကုမ္ပဏီများက ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲကို စီးပွားရေးနှင့် ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဇူလိုင်လ ၁၇ ရက်မှစတင်ပြီး တနင်္ဂနွေနှင့် အခြားအစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးနေခြင်းဖြစ်သည်။

ထပ်မံတိုးချဲ့ရောင်းချပေးသည့် အရောင်းပြခန်းများကို ပဲခူးမြို့တွင် ပဲခူးမြို့ရှိ သီရိဥဿာဈေးကြီး အပေါ်ထပ်၊ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များ အ‌ရောင်းစင်တာနှင့် ရန်ကုန်မြို့တွင် အရောင်းပြခန်း (၂) အဖြစ် ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးရုပ်ရှင်ရုံအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အဦတွင် ယခင်ရောင်းချပေးနေသည့် အစီအစဉ်အတိုင်း ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ရန်ကုန်မြို့ရှိ အရောင်းပြခန်း အမှတ် (၁) အား ယခုဩဂုတ်လကုန်အထိသာ ရောင်းချပေးတော့မည်ဖြစ်ပြီး ထပ်မံတိုးချဲ့ ရောင်းချပေးခဲ့သော ရန်ကုန်မြို့ရှိ အရောင်းပြခန်း အမှတ် (၂) နှင့် ပဲခူးမြို့အရောင်းပြခန်းတို့ကိုလည်း ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၃ ရက်အထိ ခြောက်ရက်သာ ရောင်းချပေးနိုင်ခဲ့သည်။

အဆိုပါ ဆေးအရောင်းပြခန်းများတွင် နာမည်ကြီးဆေးကုမ္ပဏီများ အပါအဝင် ဆေးကုမ္ပဏီ ၄၀ ကျော်စီဖြင့် ကုမ္ပဏီတိုက်ရိုက်ဈေးဖြင့် နေ့စဉ်သုံးမရှိမဖြစ် ဆေးဝါးများဖြစ်သည့် ဆီးချို၊ နှလုံး၊ သွေးတိုး၊ ပိုးသတ်ဆေး အခြေခံဆေးဝါးများ၊ ဈေးကွက်အတွင်း ဝယ်ယူရန်အခက်အခဲဖြစ်နေသည့် ဆေးဝါးများ၊ သွေးချိုနှင့် ဆီးချိုရောဂါတိုင်းသည့် စက်များနှင့် အပိုပစ္စည်းများကိုပါ ရောင်းချပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *