September 20, 2024

၁၂.၈.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၀) ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် ယနေ့ သြဂုတ်လ ၁၂ ရက် နံနက်အစောပိုင်းက ဂတ်စ်တန်းစီရန် ရပ်ထားသော YBS -၁၄၄ ကို မော်တော်ယာဥ်တစ်စီးက ဝင်တိုက်ရာမှ တိုက်သည့် ယာဥ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။

ဖြစ်စဥ်တွင် အသက် ၅၅ နှစ်အရွယ် အမျိုးသားမောင်းနှင်လာသော Subaru Sambar အမျိုးအစား မော်တော်ယာဥ်က အရှိန်မထိန်းနိုင်ဘဲ ဂတ်စ်တန်းစီရန် လမ်းဘေးတွင် ရပ်ထားသော YBS- ၁၄၄ ယာဥ်ကို အနောက်မှ ဝင်တိုက်သဖြင့် Subaru Sambar အမျိုးအစား မော်တော်ယာဥ်၏ ယာဥ်မောင်းမှာ ကားခေါင်းခန်းတွင်ညပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

“ကားက ​ခေါင်းတစ်ခုလုံးကြေသွားပြီး ယာဥ်မောင်းကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ဆုံးသွားတယ်။ ခေါင်းခန်းမှာ ညပ်နေတဲ့ယာဥ်မောင်းကို ကယ်ထုတ်တာ မိနစ် ၃၀ လောက်ကြာတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် မီးသတ်စခန်းမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များ​က သွားရောက်ကာ ကယ်ဆယ်​ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြပြီး သေဆုံးသူ ယာဥ်မောင်း၏ ရုပ်အလောင်းကို အကြင်နာကုသိုလ်ပြု ဘဘကြီးအဖွဲ့ ပရဟိတအသင်းက အသင်းပိုင်သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *