September 19, 2024

Photo - MFSD & CJ

၁၂. ၈. ၂၀၂၄
Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်အဆင်းလမ်းတွင် ယမန်နေ့ညနေပိုင်းက အဝေးပြေးခရီးသည်ယာဉ်တစ်စီးမှာ ဝက်တင်ယာဥ်နှင့် ယာဥ်တိုက်မိမှုဖြစ်စဥ်တစ်ခုနှင့် အခြားအဝေးပြေးယာဥ်တစ်စီး လမ်းချော်တိမ်းမှောက်မှုနှစ်ခုဖြစ်ပွားခဲ့ရာ ဖြစ်စဥ်များအတွင်း တစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရကာ ခုနစ်ဦးဒဏ်ရာရခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

ပထမဖြစ်စဥ်မှာ ယမန်နေ့ မေလ ၁၁ ရက် ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၁၉)တွင် ရွှေပွင့်ဖြူ ခရီးသည်တင်ယာဉ်နှင့် ဝက်များတင်ဆောင်လာသောယာဉ်တို့ တိုက်မိကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦး(သေဆုံး)အား သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့‌ဆောင်ခဲ့သည်ဟု သိရသည်။

ထို့အတူ ည ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်- မန္တလေး အဆင်းလမ်း၊ မိုင်တိုင်အမှတ် (၂၂)တွင် ခရီးသည်တင်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီး(၁)ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းနှင့် ရတနာပုံနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့်ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၃၅) ဦးအနက် ညပ်နေသူ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား ၆ နာရီခွဲအချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ခရီးသည်(၇)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဗဟိုမီးသတ်သင်တန်းကျောင်းမှ လူနာတင်ယာဉ်၊ သန္တိသုခလူမှုကူညီရေးမှသူနာတင်ယာဥ်၊ သုတိသာလူမှုကူညီရေးအသင်းမှယာဥ်များဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့‌ဆောင်ခဲ့သည်ဟု သိရသည်။

ဒုတိယဖြစ်စဥ်တွင် တိမ်းမှောက်သည့် ယာဥ်မှာ နယူးမန္တလာထွန်းယာဥ်ဖြစ်ပြီး နှစ်ဦးအခြေအနေဆိုးကြောင်း ဖြစ်စဥ်အတွင် မိသားစုလိုက် ထိခိုက်ဒဏ်ရာရခဲ့သည့် ကိုငွေဖြိုးအမည်ရှိခရီးသည်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *