September 19, 2024

၁၂. ၈. ၂၀၂၄
Written by Tha Doe

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံက ထွက်ခွာသွားသည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်း၏ နေရာတွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၊ အာဆီယံနှင့် အာရှတွင် သံအမတ်အတွေ့အကြုံများစွာရှိသူ မစ္စ မာကျားအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုလာမှုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီလိုက်ပြီး ဖြစ်ကြောင်း သိရသည်။

မစ္စ မာကျားသည် ၁၉၆၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ယုံးဂျီမြို့ ရှန်ရှီးပြည်နယ်တွင် မွေးဖွားခဲ့ပြီး တက္ကသိုလ် ဘွဲ့ရတစ်ဦးဖြစ်သည်။ သူမသည် ၁၉၉၁ ခုနှစ်မှစတင်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စတင်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နှင့် ပြည်ပရှိတရုတ်သံရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်များထမ်းဆောင်ခဲ့သည်ဟု သိရသည်။

မစ္စ မာကျားသည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာဦးစီးဌာနတွင် သံအရာရှိနှင့် တတိယ အတွင်းဝန်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိလည်းကောင်း၊ တတိယအတွင်းဝန်နှင့် ဒုတိယအတွင်းဝန်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိလည်းကောင်း အသီးသီး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့ အခြေစိုက်တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဂျပန်နိုင်ငံအခြေစိုက် တရုတ် သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ စင်ကာပူနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ဗြိတိန်နိုင်ငံနှင့် မြောက်အိုင်ယာလန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးနှင့် သံမှူးကြီးအဖြစ်လည်းကောင်း အသီးသီးတာဝန် ထမ်းဆောင်ခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ထို့ပြင် မစ္စ မာကျားသည် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် စန်းရှမြို့တွင် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ယနေ့အထိ အိန္ဒိယနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *