September 19, 2024

၁၁.၈.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊အမှတ်(၆၈) ရပ်ကွက်၊ ပေါ်ဆန်းလမ်းရှိ နေအိမ်တစ်လုံး​တွင် ယနေ့ သြဂုတ်လ ၁၁ ရက် နံနက် ၉ နာရီ ၄၄ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အလျား ၁၀ ပေ၊ အနံ ပေ ၆၀ ရှိ ၂ ထပ် Steel Structure နေအိမ်တွင် ရေမော်တာ မောင်းစဥ် ဝါယာကြိုးအပူလွန်ကဲ၍ ကာဗာအရည်ပျော်ကျရာ အောက်ရှိ ဖော့ပြားများပေါ်သို့ မီးကူးစက်၍ လောင်ကျွမ်းခဲ့​​ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အိမ်ရှင်၏ သမီးဖြစ်သူ ၉ နှစ်အရွယ် မိန်းကလေးတွင် လက်ဖဝါးနှစ်ဖက်နှင့် ခြေဖဝါးနှစ်ဖက်တို့တွင် မီးဟပ်ဒဏ်ရာ၊ ဧည့်သည့်များဖြစ်သော အသက် ၃၉ နှစ်အရွယ် အမျိုးသား၏ လက်ဖဝါးနှစ်ဖက်တွင် မီးဟပ်ခံရသော ဒဏ်ရာနှင့်အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတွင် ဘယ်တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာ၊ ဘယ်ညာခြေဖဝါးနှစ်ဖက် မီးဟပ်ဒဏ်ရာများရရှိခဲ့ပြီးဆိုဖာ ၁ စုံ၊ နံရံကပ် TV တို့ မီးလောင်ဆုံးရှုံးခဲ့သည်။

“မီးလောင်တာ သိသိချင်း ​မီးလောင်နေတဲ့ကြိုးတွေကို လက်နဲ့ကိုင်ငြှိမ်းတော့ မီးဟပ်ဒဏ်ရာတွေရတာ။ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသက်၄၀အရွယ် အိမ်ရှင်အမျိုးသမီးကို ပုဒ်မ ၂၈၅၊ ပုဒ်မ ၃၃၇ တို့ဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲစခန်းက အမှုဖွင့်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *