September 19, 2024

နှစ်ဖက် မပြေလည်သေးချိန်တွင် တိုက်ပွဲများ ဖော်ဆောင်သွားမည့်သဘောမျိုးဖြစ်နေဟုပါ ပြော

၁၁. ၈.၂၀၂၄
Written By Zun

မြန်မာနိုင်ငံအတွင်း လတ်တလော စစ်ဘောင်ပိုမိုကျယ်ပြန့်လာနေသည့်ကိစ္စတွင် တရုတ်က အဓိက ကျကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က MT News ၏ ဆက်သွယ် မေးမြန်းခြင်းအပေါ် ပြောကြားလိုက်သည်။

“တရုတ်ပါပဲ။ အဓိကကတော့တရုတ်ပဲ။ တရုတ်ကဘယ်လောက်ကျယ်ချင်သလဲ။ ဘယ်လောက်ဆန့်ချင်သလဲ။ နယ်နိမိတ်သတ်မှတ်မလား။ အခု မနေ့က ၈ ရက်နေ့မှာ သူတို့မှာ ဟိုင်ဂင်ဆွေးနွေးပွဲပြန်လုပ်တယ်လေ။ ပြန်လုပ်တော့အဖြေက ကောင်းကောင်းမွန်မွန်မရဘူးပြောတယ်။ဒါပေမဲ့ အထူးကိုယ်စားလှယ်က နေပြည်တော်ရောက်လာတယ်ဆိုတော့ နှစ်ဖက်ဘာတွေဆွေးနွေးဖြစ်ကြလဲတော့မသိဘူး။ SAC ကလည်းမလျှော့ဘူး။ ညီနောင်သုံးဖွဲ့ကလည်းမလျှော့ဘူးဆိုရင်တော့ တိုက်ပွဲကတော့ ပိုပြင်းလာမှာပဲ။ ဒါပေမဲ့ ဆွေးနွေးလိုက်မယ်ဆိုရင်တော့ ပထမပိုင်းကတော့ NUG တို့ PDF မပါဘဲနဲ့ တိုင်းရင်းသားတွေချည်းပဲ ဆွေးနွေးလိုက်မယ်ဆိုရင် တစ်ချက်တော့ ငြိမ်သွားနိုင်တာပေါ့။ သူ့ဘက်၊ ကိုယ့်ဘက်ခဏထိန်းထားပြီးတော့ အဲ့ဒီလိုအဆင့်မဟုတ်ဘဲနဲ့ အားလုံးပါရမယ်ဆိုပြီးတော့ ဆွဲထည့် ရင်တော့ SAC ကတော့လက်ခံဖို့တော့မလွယ်ဘူးထင်တယ်”ဟု ယင်းက ဆိုသည်။

ယမန်နေ့ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Deng Xijun က သွားရောက်တွေ့ဆုံစဉ် နှစ် နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ အခြားငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါတရုတ်အထူးကိုယ်စားလှယ်နှင့် နစကဥက္ကဋ္ဌတို့တွေ့ဆုံမှုနှင့်ပတ်သက်၍ တရုတ်အနေဖြင့် ယင်းတို့၏ မူဝါဒကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ မူဝါဒဆိုသည်မှာ ပဋိပက္ခလျှော့ချရေးအတွက် ဆွေးနွေးပွဲများဖိတ်ခေါ်၍ လုပ်ဆောင်ရန်လိုအပ်နေသည့် ရွေးကောက်ပွဲကို အောင်မြင်အောင်လုပ်ဆောင်နိုင်ရန် အားပေးခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပြသည်။

“တရုတ်ကတော့ သူ့ပေါ်လစီမပြောင်းပါဘူး။ လက်ရှိ အစိုးရကို ပဋိပက္ခတွေလျှော့မယ်။ ဆွေးနွေးပွဲတွေစတင်ဖိတ်ခေါ်မယ်။ ပြီးတော့ သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲကိုလည်းအချိန်သတ်မှတ်ပြီးတော့ လုပ်နိုင်အောင် ဝိုင်းအားပေးမှာပဲလေ။ ဒါပေမဲ့ အဲ့ဒီရွေးကောက်ပွဲတွေ ဘာတွေမလုပ်ခင်မှာ စားပွဲမှာ ထိုင်ပြီးတော့ ညှိနှိုင်းသဘောတူညီချက်ရဖို့တော့ လိုမယ်။ ဘာမှမရဘဲနဲဲ ကိုးလို့ကန့်လန့်ကြီးရွေးကောက်ပွဲ သွားလုပ်ရင်တော့ ဝိုင်းဖျက်မယ့်သူတွေပဲဖြစ်မယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ အခြေခံအားဖြင့်တိုင်းပြည်ကို ဘယ်လိုပြန်လည်ထူထောင်မလဲ။ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အခြခံမူတွေလောက် သဘောတူထားတယ်။ နှစ်ဖက်ပေါ့လေ။ နှစ်ဖက်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သဘောတူထားတယ်ဆိုရင်တော့ မဆိုးဘူးပေါ့လေ။ တိုင်းရင်းသားတွေနဲ့သဘောတူပြီးမှ NUG တို့ဘာတို့ ခေါ်ထည့်ပြီးတော့ တူလား၊ မတူလား။ အဲ့ဒီလိုနဲ့ ဆွဲလာရင် အဲဒီလိုဖြစ်လို့ နည်းနည်းလေးခဏတော့ရမယ်။ ပြီးတော့ ရွေးကောက်ပွဲရဲ့အခြေအနေတွေကို စောင့်ကြည့်ကြမယ်။ နိုင်ငံရေးသဘောတူထားတာတွေကိုလည်း ရွေးကောက်ပွဲပြီးလို့ရှိရင်အကောင်အထည်ဖော်မယ် ဆိုတဲ့ဟာမျိုးတွေကို ကတိရထားရင်တောင် ရွေးကောက်ပွဲကလုပ်လို့ဖြစ်နိုင်တယ်။ဆွေးနွေးပွဲကရလဒ်ကောင်းတာကိုး”ဟု ၎င်းက ဆိုသည်။

ယခုဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခနှင့် ပတ်သက်၍ ဆွေးနွေးပွဲများ မပြုလုပ်နိုင်သည့်အနေအထားဆိုပါကလည်း ရွေးကောက်ပွဲပြုလုပ်ရန် အလားအလာမရှိနိုင်ကြောင်းလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်သုံးသပ်ပြသည်။

“နည်းနည်းတော့အားပြိုင်နေတဲ့သဘောရှိပါတယ်။အားပြိုင်နေတဲ့သဘော ၊ SAC ကလည်း တရုတ်ရဲ့လိုအပ် ချက်ဖြစ်တဲ့ဆွေးနွေးရမယ်။ လျှော့ရမယ်။ တချို့နေရာတွေမှာ နည်းနည်းအပေးအယူလုပ်ရမယ်ဆိုတဲ့ဟာကို တင်းခံနေတဲ့သဘောရှိတယ်။ သူလည်း သူ့အခြေအနေတစ်စုံတစ်ရာထိန်းနိုင်မယ်ထင်ပြီး နောက်ပြီးတော့ တိုက်နေတဲ့အဖွဲ့တွေကလည်း SAC ဘက်က လျှော့တော့မယ်။ ပြောတော့မယ်။ အခုဘာမှမလျှော့တဲ့အပြင်ကို ကျွန်တော်တို့နယ်တွေ မြို့တွေကိုဗုံးလိုက်ကြဲနေပြီ။ ရပ်ပေးပါပေါ့။တရုတ်ကိုပြောတာမျိုး။ အဲ့ဒါမျိုးတွေထုတ်ပြောနေတော့ ဒီနှစ်ဦး၊ နှစ်ဖက်က မကျေလည်သေးတဲ့သဘောမျိုးဖြစ်နေတယ်။ ဆွေးနွေးရမယ့်နှစ်ဖက်က မပြေလည်သေးတဲ့ အခါကျတော့ မပြေလည်တဲ့အတူတူရပ်လို့လည်းမရဘူးဆိုတော့ တိုက်ပွဲတွေဖော်သွားမယ့် သဘောမျိုးတော့ ဖြစ်နေတယ်။ ဒါကြောင့် တရုတ်ကိုယ်စားလှယ် နောက်ဆုံးဘာအကြံပေးသွားသလဲ။ ဘာလုပ်ခိုင်းလဲဆိုတာတော့ ကျွန်တော်တို့မသိသေးဘူး။ သို့သော်လည်းပဲ ဖြစ်နိုင်ချေကတော့ မူလသူ့ရပ်တည်ချက်အတိုင်းပါပဲ။ စစ်ရေးကို လျှော့ပါ။ တွေ့ဆုံဆွေးနွေးရေးလုပ်ပါ။ ရွေးကောက်ပွဲကိုလုပ်ပါ။ အဲ့ဒီလမ်းကြောင်းပဲပြန်ပြောမယ်ထင်တယ်။ ကြည့်ရတာတော့”ဟု ယင်းက ဆိုသည်။

လတ်တလောအနေအထားတွင် ပူးပေါင်းအဖွဲ့များက မန္တလေးနှင့် ပြင်ဦးလွင်တို့ထိ ရောက်ရှိလာကာ ဝိုင်းကန် ပိတ်ဆို့တားဆီးခြိမ်းခြောက်ထားသည့် အဆင့်တွင် ရှိနေသောကြောင့် နစက အနေဖြင့် မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်ရမည့် အနေအထားတွင် ရှိကြောင်းလည်း ၎င်းက ပြောသည်။

“မန္တလေးမြို့တို့၊ ပြင်ဦးလွင်မြို့တို့ကို သိမ်းတော့မယ်ယောင်ယောင် တိုက်တော့မယ့်ယောင်ယောင် အဲ့ဒီလိုနဲ့ ဝိုင်း ရံပိတ်ဆို့ထားတာ ပြောတာပါ။ မြို့သိမ်းတွေကိုဆက်လုပ်ချင်တဲ့သဘောမျိုးပေါ့။ အဲ့လိုဆိုတော့ မြောက်ပိုင်းကရ ထားပြီးသားနေရာတွေကိုတော့ သူကခြံစည်းရိုးကာမယ်။ပြီးမှ ဒီဘက်ကို ထပ်ချဲ့မယ်။ အကယ်၍ ခြိမ်းခြောက်မှုတွေ ဟာ ဆွေးနွေးပွဲကိုဦးတည်လာမယ်။ ဆွေးနွေးပွဲပေါ်လောက်မယ်နှစ်ဖက်ဆိုရင်တော့ ဒီလျှော့သင့်တာလျှော့ပြီးတော့ ကိုယ်ရထားတဲ့နေရာ ကိုယ်ပြန်ထိုင်။ တပ်ကလည်း သူထိန်းထားတဲ့နေရာ သူထိန်းပြီးတော့ ဒါအသေအပျောက် နည်းမယ်။ အပျက်အစီးနည်းမယ်။ အဲဒီလိုသုံးသပ်ကြတာပေါ့။ အခုပြောတဲ့နေရာမှာ အဆင့် ၂ ဆင့် ၃ ဆင့်လောက်ဖြစ်သွားနိုင်တယ်။ တစ်ဆင့်က လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ SAC နဲ့ညှိမယ်။ အဲ့ဒီကနေတစ်ခုပေါ်လာတဲ့ဟာမှာ အခုနကလို PDF တို့လို ပြည်ပြေးတွေကအဲ့ဒီသူ့အစိတ်အပိုင်းထဲ ပါလာမှာ။ မထင်မှတ်ဘဲ သူတို့ကတော့ စကားပြောမယ့်အကြောင်းတော့မရှိဘူး။စကားပြောဖို့တော့ ပေါ်နိုင်တယ်လို့ ယူဆပါတယ်။ SAC က ပြည်သူကိုဘယ်လောက်အနာခံမလဲ မရှင်းသေးတော့ သူလည်းသိက္ခာရှိ၊ ကိုယ်လည်းသိက္ခာရှိ။ အခု သူတို့မြောက်ပိုင်းကလည်း သူတို့ရသလောက်လေးပြန်ထိုင်တယ်။ ဒီဘက်ကိုထပ်မချဲ့ဘဲနဲ့ ပြန်ဆုတ်သွားရင်တော့ ဆွေးနွေးပွဲတွေ ဘာတွေပေါ်လာနိုင်တယ်လို့ မျှော်လင့်ရတာပေါ့လေ။ အဲလိုတော့ထင်ရတာပေါ့လေ။ ဒီအခြေအနေရောက်မှ မဆွေးနွေးဘူးဆိုရင်တော့ သိပ်လွန်သွားလို့ သိပ်ကျွံသွားလို့ဖြစ်သွားနိုင်တယ်လို့ အဲ့ဒါကိုသုံးသပ်မိတာ ပါ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက MT News ကို ပြောပြသည်။

တပ်မတော်အားချေမှုန်းရေးအတွက် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့အပါအဝင် တိုင်းရင်းသားအားလုံးနှင့်အတူ PNFC ၊ PNLO နှင့် NMSP-AD တို့က လက်တွဲတိုက်ပွဲဝင်မည်ဟု သြဂုတ် ၉ ရက်တွင် ကြေညာချက်တစ်ခုထွက်ပေါ်လာသည်။

“PLNO က နှစ်ခြမ်းကွဲပြီလေ။ NCA လမ်းကြောင်းအတိုင်းသွားနေတဲ့အဖွဲ့ရှိတယ်။ အာဏာရှင်ကိုဆန့်ကျင်ရေး PLNO အဖွဲ့ ရှိတယ်။ အဲ့ဒါတွေက ကြေညာချက်တွေဘာတွေမထုတ်ရသေးတော့ နည်းနည်းတော့ရောနေတာပေါ့။ ဗမာပြည်တွင်း ပြန်ရောက်မှပဲ ရှင်းရမယ်။ အဲဒီကိစ္စက”ဟုလည်း PLNO နှစ်ခြမ်းကွဲရသည့်အပေါ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက MT News ကို ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *