September 19, 2024

၁၁.၈.၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မြေခြားကျေးရွာတွင် သဲကျင်းအတွင်း ရေဆင်းချိုးသည့် သားအမိ ၄ ဦး ရေနစ်သေဆုံးခဲ့ရာ သားသမီး ၃ ဦး၏ရုပ်အလောင်းကို တွေ့ရှိသော်လည်း မိခင်ဖြစ်သူကို သြဂုတ်လ ၁၁ ရက်နေ့အထိ ပြန်မတွေ့သေးကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးထံမှ သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းက အသက် ၄၀ အရွယ် မိခင်နှင့်အတူ အသက် ၄ နှစ်အရွယ် မဆောင်းဟေမာန်ဇော်၊ အသက် ၂ နှစ်အရွယ် မောင်ကောင်းမြတ်ဇော်နှင့် ၇ လအရွယ် မဝိုင်းစုပြည့်စုံဇော်တို့မှာ ရေများဝင်ရောက်နေသော ပေ၂၀ ပတ်လည်သဲကျင်းတွင် ရေချိုးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

“သဲတွေတူးထားတဲ့ကျင်းမှာ မိုးရွာတော့ရေတွေဝင်ပြီး ကန်တွေလိုဖြစ်နေတာ။ ဘယ်လိုရေနစ်တာလဲဆိုတာတော့မသိဘူး။ ကလေးအလောင်းက သဲကျင်းမှာ ပေါ်နေလို့ ဆယ်ယူလိုက်နိုင်တာ။ ကလေးအမေကိုတော့ ဒီနေ့အထိ ပြန်မတွေ့သေးဘူး”ဟု ရေနစ်သေဆုံးသည့်ကလေးများ၏ ရုပ်အလောင်းကို သယ်ဆောင်ပေးခဲ့သည့် မေတ္တာပါရမီ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ရေနစ်သေဆုံးသူများကို ကျေးရွာဒေသခံများက ဝိုင်းဝန်းဆယ်ယူပေးခဲ့ကြပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိသော ကလေး ၃ ဦး၏ရုပ်အလောင်းကို မိတ္ထီလာပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ မေတ္တာပါရမီ လူမှုကူညီရေးအသင်းမှ အသင်းဝင် ၂ ဦးက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သူတို့မိသားစုမှာ အဖေတစ်ယောက်ပဲကျန်ခဲ့တယ်။ အဖေကလည်း ပြန်မတွေ့သေးတဲ့ ကလေးတွေရဲ့အမေအလောင်းကိုရွာသားတွေရယ်၊ ရဲတွေနဲ့အတူ ဆက်ရှာနေတုန်းပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ ရှမ်းမငယ် နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဥ်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *