September 19, 2024

တော်လှန်ရေး ဗန်းပြရင်း လုပ်စားကြသူတွေက နာရေးကူငွေကိုပါ ကျန်ရစ်သူ ဇနီးထံမပေးလို့ မီဒီယာဆီ အကူအညီတောင်းခံလာတယ်ဆိုတဲ့ ဟားငါးကောင် အဖွဲ့ဝင် ဝိုင်းကျော်ရဲ့ဇနီး

၁၁. ၈ .၂၀၂၄
Written by Hey Mar

အရက်ရဲ့ကျေးကျွန်ဖြစ်ပြီး သေဆုံးခဲ့ရတဲ့ ဟားငါးကောင် လူရွှင်တော် အဖွဲ့ဝင် ဝိုင်းကျော်ရဲ့ နာရေးကူငွေတွေကို ဟားငါးကောင်အဖွဲ့က ကျန်ရစ်သူ ဇနီးထံ မအပ်ဘဲ ထိန်းသိမ်းထားသလို အဖွဲ့မှာ ယောက်ျားရဲ့ရပိုင်ခွင့်တွေ ဘာခံစားမှုမှ မရရှိတဲ့ ဇနီးသည်က တော်လှန်ရေးအင်အားစုတွေဆီ အကူအညီတောင်းခံလာတာကို အဆိုပါ အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဟာသလူရွှင်တော်တွေအဖြစ် ခံယူထားကြသူ ဟားငါးကောင်မှာ ဝိုင်းကျော်ကတော့ ပြီးခဲ့ မေလ ၂၂ ရက်နေ့က တော်လှန်ရေးလုပ်ဆောင်ရင်း အရက်ရဲ့ ကျေးကျွန်ဖြစ်ကာ အသည်းနဲ့ ကျောက်ကပ်တွေ ပျက်စီးလို့  အသက် ၃၈ နှစ်အရွယ်မှာပဲ ထိုင်းနိုင်ငံအတွင်း ကွယ်လွန်ခဲ့ပါတယ်။

အခုဆိုရင် ကွယ်လွန်တာ နှစ်လကျော်လာပြီဖြစ်ပေမယ့် နာရေးကူငွေတွေဟာ ဘယ်မိတ်ဆွေက ဘယ်လို ကူညီသွားပြီး ဘယ်ကမှမရလို့ ဘယ်ကို ကျေးဇူးတင်ရမှန်း မသိဖြစ်နေတာပါလို့ ကိုဝိုင်းကျော်ဇနီးရဲ့ ရင်ဖွင့်အကူအညီတောင်းခံမှုကို တော်လှန်ရေးအင်အားစုမှာ ပါဝင်ကူညီနေတဲ့ သတင်းထောက်တစ်ဦးက ဆိုပါတယ်။

ဝိုင်းကျော် သေဆုံးချိန်မှာ ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ဇနီးဖြစ်သူ မပန်းမြတ်သော်တာနဲ့ ၃ နှစ်အရွယ် သားငယ် ထိုင်းနိုင်ငံမှာ ကျန်ရစ်ခဲ့ပါတယ်။

“အရက်ကိုနေ့ရော ညရော သောက်နေတယ်။ ညီမလည်း တားခဲ့ပေမယ့် တားမရတဲ့အဆုံး ဥပေက္ခာပြုထားလိုက်တယ်။ အခု အရက်ကြောင့်ပဲ အသဲတွေ ကျောက်ကပ်တွေ ပျက်စီးပြီး ဆုံးသွားခဲ့တာ”လို့ မပန်းမြတ်သော်တာက သတင်းထောက် မထိပ်ထားဆီ သူ့အကြောင်းကိုပြောဆို အကူအညီတောင်းခံလာတာပါ။

“ခင်ပွန်းသည် သေဆုံးလို့ ပူဆွေးဝမ်းနည်းနေတဲ့ ပူပူနွေးနွေး မုဆိုးမလေးတစ်ယောက်ကို သူ့ခင်ပွန်းချစ်တဲ့ အသိုင်းအဝိုင်းထဲက လူတွေက ဝိုင်းပြစ်တင်ကြတယ်။ အသက်ရှင်စဉ်က ပူသလား၊ အေးသလား မပြောနဲ့ အရက်သောက်လွန်းလို့ အလုပ်တွဲမလုပ်ချင်ဘူးဆိုပြီး အဖွဲ့က ဖြုတ်ပစ်ဖို့တောင် ရည်ရွယ်ခဲ့ကြသူတွေက အခုမှ အရမ်းကို နာကျင်ပြနေကြတယ် မထိပ်ရယ်တဲ့။ ဒါက မုဆိုးမလေးရဲ့ ရင်ဖွင့်စကားသံတွေပါ”လို့ မထိပ်ထားက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားသလို အေအန်န်အမ်တီ ဆိုတဲ့ နာမည်နဲ့လူမှုကွန်ရက် အသုံးပြုသူကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “အဖွဲ့တစ်ဖွဲ့မှာ အဖွဲ့ဝင်တစ်ဦးဆုံးပါးသွားရင် ထိုဆုံးပါးသူအတွက် ဝိုင်းကူကြတဲ့ “နာရေးကူငွေ”ဆိုတာရှိတယ်၊ ထိုငွေကို ပထမဦးဆုံးလုပ်ဆောင်ရမှာက နာရေးအစအဆုံး ပြီးမြောက်သွားဖို့အတွက်ပါ။ အဲဒါတွေပြီးသွားတာနဲ့ ဒုတိယခံစားရမှာက ကျန်ရစ်သူမိသားစုဆိုတာ ရှည်ရှည်ဝေးဝေးလိုက်မေးနေစရာမလိုပါဘူး။ ဒါကို မန်နေဂျာဖြစ်သူက ဘာဖြစ်လို့ တစ်ပြားတစ်ချပ်မှမပေးပဲ အကုန်လက်ဝါးကြီးအုပ်ထားသလဲဆိုတာ ကျွန်တော်ဘယ်လောက်ဖြည့်တွေးဖြည့်တွေး ကောင်းတဲ့အချက်ရှာမတွေ့ဘူး။ မိန်းမဖြစ်သူရယ် ၃ နှစ်အရွယ် ကလေးတစ်ယောက်ရယ်အတွက် ရှေ့ဆက်မယ့်အနာဂတ်ဆိုတာရှိသေးတယ်။ အဆိုးဆုံးကတော့ ကျန်ရစ်သူသားအမိကို ဝိုင်းဝန်းနှိမ့်ချပြောဆိုဆက်ဆံ ဖယ်ကျဥ်ကြတဲ့လုပ်ရပ်ကတော့ တကယ့်ကို အဆိုးရွားဆုံးပါပဲ။(သတ်ပုံမူရင်း)”လို့ ရေးသားထားပါတယ်။

ဟာသလူရွှင်တော် ဝိုင်းကျော်ရဲ့ ဇနီးက အခုလိုဖြစ်ရပ်တွေကို မခံနိုင်တဲ့အခါ သတင်းထောက်မထိပ်ထားတို့ဆီ မီဒီယာကတစ်ဆင့် အကူအညီတောင်းခံလာတဲ့အတွက်၊ မီဒီယာက လိုက်လံ စုံစမ်းကူညီဆောင်ရွက်ပေးနေပေမဲ့ ဟားငါးကောင်အဖွဲ့ဝင် တိုင်းကျော်က ကွယ်လွန်သူ ဝိုင်းကျော်ရဲ့ ဇနီးကို အသက်အန္တရာယ် ခြိမ်းခြောက်နေပြီး သူတို့အဖွဲ့ရဲ့ မန်နေဂျာ သခင်ထွန်းဆိုသူကလည်း သတင်း ထောက်မထိပ်ထားကို လာရောက်တာဝန်ယူဖြေရှင်းဖို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နာရေးအလှုငွေအတွက် ရှင်းတဲ့ စာရွက်တစ်ရွက်နဲ့ စာရင်းအနည်းငယ် ပေးပို့လာပြီး နာရေးကူငွေက ဘတ် ၈ သောင်းကျော်မှာ လေးသောင်းဝန်းကျင် ပိုငွေရှိနေပြီး အဲဒီ့ငွေကို ကျန်ရစ်သူရဲ့ လက်ရှိ ဇနီးဆီ ကျန်တဲ့ ဟားလေးကောင်က  အလီလီစိပ်ကာ ပေးပို့ပေးမယ်လို့ ပြောဆိုလာကြောင်း သိရပါတယ်။ ဒါ့အပြင် ဟားအဖွဲ့ဝင်ဦးဆောင်သူ တိုင်းကျော်ကလည်း တော်လှန်ရေးပွဲ ကစဥ် ရရှိတဲ့ငွေကြေးတွေကို မြင်သာထင်သာ ခွဲဝေ ဖော်ပြဖို့ တောင်းဆိုရာမှာ၊ ဘာစာရင်းမှ ရေရေရာရာမရှင်းဘဲ  အဖွဲ့ကနေ လွန်ခဲ့တဲ့ လေးရက်က နုတ်ထွက်ကြောင်း ကြေညာထားပါတယ်။

အေအန်န်အမ်တီ အကောင့် ပိုင်ရှင်က”ဟားငါးကောင်အဖွဲ့ကေ့စ်မှာ တခြားကိစ္စတွေ ကျွန်တော်သိထားပါလျက်နဲ့ လုံးဝထုတ်မပြောခဲ့ပါဘူး။ ကျွန်တော် မိန်းပွိုင့်တည်နေတဲ့ကိစ္စက ပွဲကလို့ရရှိတဲ့ ငွေစာရင်းရှင်းတမ်းကိစ္စတစ်ခုတည်းမို့ ကျန်တဲ့ဘယ်အကြောင်းအရာကိုမှ ထုတ်မပြောခဲ့ပါဘူး။ ပွဲရှာတယ်လို့ အထင်မခံချင်လို့ပါ။ (သတ်ပုံမူရင်း)”လို့ သူ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပြီး သူတို့ Post ရဲ့ အောက်မှာလည်း ဟားငါးကောင်အဖွဲ့ကိုတော်လှန်ရေး ဗန်းပြ လုပ်စားသူတွေအဖြစ် စိတ်ပျက်စွာ ကွန်မန့်ပေးထားတာတွေလည်း တွေ့မြင်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *