September 19, 2024

၁၁. ၈. ၂၀၂၄
Written by Nyein Kyaw

ဒေါ်လာဈေး ကမောက်ကမ ဖြစ်စေရန်လှုံ့ဆော်သည့် NUGGETS Viber Group အား အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် ဗဟိုဘဏ်အပေါ် သိက္ခာကျဆင်းအောင် မဟုတ်မမှန်သတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်ခြင်းအား ဆက်လက်လုပ်ကိုင်မည်ဟု ပေါ်တင်ထုတ်ပြန်ခဲ့သည့် NUGGETS လုပ်ငန်းစုအား တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ပူးပေါင်းပြီး အရေးယူသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ဒေါ်လာဈေး ကမောက်ကမဖြစ်စေလိုသည့်ရည်ရွယ်ချက်ဖြင့် အရောင်းအဝယ်မဖြစ်သည့် ဈေးနှုန်းများဖော်ပြခဲ့သည့် ခေတ်သစ်မီဒီယာ၏ Facebook Page နှင့် Telegram Channel အပါအဝင် လူမှုကွန်ရက်စာမျက်နှာ ၁၀ ခုတို့ကို အရေးယူဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဩဂုတ်လ ၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ ထုတ်ပြန်ခံခဲ့ရသည့် လူမှုကွန်ရက်စာမျက်နှာ ၁၀ ခုတွင် NUGGETS Viber Group လည်းပါဝင်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက်တွင် NUGGETS Viber Group သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပေါ် သိက္ခာ ကျဆင်းစေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သည့်သတင်းများထုတ်ပြန်ပြီး တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ NUGGETS Viber Group မှ ထပ်မံကြေညာလာသည်ကို တွေ့ရှိရသည်။

NUGGETS လုပ်ငန်းစု၏ ထုတ်ပြန်ချက်တွင် ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်မှစတင်ပြီး ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စစ်ဆေးရေးအဖွဲ (FATF) မှ မြန်မာနိုင်ငံဗဟိုဘဏ်ကို ငွေကြေးခဝါချမှု၊ အကြမ်းဖက် လက်နက် ကိုင်မှုကို ငွေကြေးထောက်ပံ့မှုနှင့် ဖျက်အားပြင်း လက်နက်များဝယ်ယူရာတွင် ငွေကြေးဝန်ဆောင်မှု ပေးမှုများကြောင့် ယနေ့ထိ အမည်ပျက်စာရင်း သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက် တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews မှ အိမ်နီးချင်း နိုင်ငံခြားဘဏ်လုပ်ငန်းအချို့သည် မြန်မာနိုင်ငံဗဟိုဘဏ်၏ အကြမ်းဖက် လက်နက်ဝယ်ယူရာတွင် ကြားခံအဖြစ် ပါဝင်ကြောင်း စုံစမ်းဖော်ထုတ်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပေါ် သိက္ခာကျဆင်းအောင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ သိက္ခာချခဲ့သည့်အပြင် NUGGETS လုပ်ငန်းစုသည် ကုန်သည်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်များ၊ သွင်းကုန် ပို့ကုန်လုပ်ငန်းများအပြင် ရွှေကုန်သည်ကြီးများ၊ လေကြောင်းလိုင်းများ၊ ခရီးသွားလုပ်ငန်းများ၊ ပညာရေး ဝန်ဆောင်မှုပေးသူများနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများကို မှန်ကန်တိကျသော နိုင်ငံခြားငွေဈေးနှုန်းများဖြင့် နေ့စဉ်အကျိုးအမြတ် အနည်းဆုံးဝန်ဆောင်မှု ပေးလျက်ရှိကြောင်းဖြင့် နိုင်ငံခြားငွေများ ဆက်လက်ရောင်းချသွားမည်ကိုပါ ပေါ်ပေါ်တင်တင်ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ ယင်း NUGGETS Viber Group အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူများအနေဖြင့်လည်း မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များထံတွင်သာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်းကို ပြုလုပ်ကြရန် ဖြစ်ကြောင်း ထပ်မံအသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *