September 19, 2024

၁၁. ၈. ၂၀၂၄
Written by Nyein Kyaw

လာမည့်ရက်သတ္တပတ်အတွင်း ‌စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းတို့ကို ထပ်မံရောင်းချပေးမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် ဒေါ်လာဈေး ကျပ် ၄၆၀၀ ကျော်အထိ မြင့်တက်ခဲ့သဖြင့် ဗဟိုဘဏ်မှ ဇူလိုင် ၂ ရက်တွင် ဒေါ်လာ ၅ သန်း၊ ဇူလိုင် ၃ ရက်တွင် ဒေါ်လာ ၅ ဒသမ ၄ သန်း၊ ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၅ သန်း၊ ဇူလိုင် ၁၅ ရက်တွင် Fx Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၅ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ယင်းကဲ့သို့ ရောင်းချပေးနေသော အချိန်ကာလအတွင်းသာ ဒေါ်လာဈေးတည်ငြိမ်မှုနှင့် ကျဆင်းမှုရှိခဲ့သော်လည်း မရောင်းချပေးသည့် အချိန်ကာလများတွင် ဝိသမလောဘသမားများက ဒေါ်လာဈေးနှုန်းကို ဈေးကစားဆွဲတင်ခဲ့မှုကြောင့် တစ်ဒေါ်လာ ကျပ် ၅၄၅၀ အထိ ထပ်မံမြင့်တက်ခဲ့သည်။ ဩဂုတ်လ ၂ ရက်တွင် ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်း ထပ်မံရောင်းချပေးခဲ့၍ အနည်းငယ်သာ ပြန်ကျဆင်းခဲ့သည်။

ထို့အတူ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှာလည်း ‌စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ဗဟိုဘဏ်မှ ရောင်းချပေးထားပြီးဖြစ်သည်။

နိုင်ငံခြားငွေ ထုတ်ရောင်းပေးသည့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဒေါ်လာဈေးနှုန်း ပြောင်းလဲမှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး လေးရက်အတွင်း တစ်ဒေါ်လာ ကျပ် ၅၂၀ ခုန်တက်ကာ တစ်ဒေါ်လာ ကျပ် ၅၈၅၀ သို့ ထပ်မံမြင့်တက်ခဲ့သလို ယနေ့တွင်လည်း တစ်ဒေါ်လာ ကျပ် ၆၁၀၀ အထိ ထပ်မံမြင့်တက်လာခဲ့သည်။။

ပြင်ပဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်းများမှာ ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်တိတိ ကျပ် ၅၀၀၀ အထိမြင့်တက်ခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၃၇၀ အထိ မြင့်တက်ခဲ့သည်။ ယခုဩဂုတ်လဆန်းတွင် တစ်ဒေါ်လာ ကျပ် ၅၄၀၀ ကျော်သို့ ထပ်မံမြင့်တက်ခဲ့ပြီး ဩဂုတ်လ ၆ ရက်မှစတင်၍ ဈေးနှုန်း ပြောင်းလဲမှုများ ထပ်မံဖြစ်ပေါ်ကာ ဩဂုတ် ၈ ရက်တွင် ကျပ် ၅၇၅၀၊ ဩဂုတ် ၉ ရက်တွင် ကျပ် ၆၀၀၀၊ ဩဂုတ် ၁၀ ရက်နှင့် ဩဂုတ် ၁၁ ရက် (ယနေ့)တွင် ကျပ် ၆၁၀၀ အထိ မြင့်တက်လာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *