၂၄. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ပြင်းထန်လှသော နှင်းမုန်တိုင်းကြောင့် ဒီဇင်ဘာ ၂၃ ရက်တွင် အပူချိန်များ ထိုးကျကာ နှင်းများထူထပ်စွာကျလျက်ရှိပြီး လူ ၁ သန်း ကျော် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကြောင်းသိရသည်။
နိုင်ငံ၏ နေရာအနှံ့အပြား၌ပင် လူသေဆုံးမှုများရှိခဲ့ရာ ရာသီဥတုဆိုးကြောင့် နိုင်ငံအနှံ့အပြားတွင် သေဆုံးသူ အနည်းဆုံး ကိုးဦးခန့် ရှိခဲ့ပြီး အားလပ်ရက်ခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ကြရသည်။
နိုင်ငံ၏ အနောက်အလယ်ပိုင်းနှင့်အရှေ့ပိုင်းတို့ကို ဖြတ်သန်းလာသော မုန်တိုင်းက ပိုမိုပြင်းထန်လာမည်ဟု မျှော်လင့်ရပြီး အမေရိကန်နိုင်ငံ၏ ပြည်တွင်းပြည်ပလေကြောင်းခရီးစဉ်များအားလုံး ရပ်ဆိုင်းသွားခဲ့သည်။ အဝေးပြေးလမ်းမကြီးများလည်းပိတ်ထားရပြီး ရထားသွားလာမှုများပါရပ်ဆိုင်းသွား၍ ခရီးသွားလာမှုများမပြုနိုင်ဘဲဖြစ်နေကြရသည်။
အပူချိန်ပြင်းထန်စွာကျဆင်းပြီး အအေးဒဏ် အလွန်အမင်းပြင်းထန်နိုင်ကြောင်း ရာသီဥတုသတိပေးချက်ကို မြောက်ဘက်တွင် ကနေဒါနိုင်ငံနှင့်နယ်စပ်မှ တောင်ဘက်မက္ကဆီကိုနိုင်ငံနှင့်နယ်စပ်အထိ၊ အရှေ့ဘက်တွင် ဝါရှင်တန်ပြည်နယ်မှ အနောက်ဘက် ဖလော်ရီဒါပြည်နယ်အထိ ပြည်သူ သန်း ၂၀၀ ကျော် ရင်ဆိုင်နေရရာ အမေရိကန်နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းမှာ ဆိုးရွားလှသော နှင်းမုန်တိုင်းကြောင့် ရာသီဥတု သတိပေးချက် ခံနေရခြင်းလည်းဖြစ်သည်။
နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်လည်း အပူချိန်သုည အောက်ရှိသော ပြင်းထန်သည့်လေအေးများ တိုက်ခတ်လာနိုင်ကြောင်းခန့်မှန်းထားသည်။
Ref—-CNN