September 19, 2024

လားရှိုးစစ်ပွဲအတွင်း စစ်မက်နှင့်မသက်ဆိုင်သော ပစ်မှတ်များ တိုက်ခိုက်ဖျက်ဆီးမှု PPP ရှုတ်ချ

၁၁. ၈. ၂၀၂၄
Writtten by Nay Moe

လက်ရှိပဋိပက္ခအတွင်း နိုင်ငံနှင့်အဝှမ်း စီးပွားရေး၊ လူမှုရေးမှစ၍ အထွေထွေ အကြပ်အတည်းများ ပိုမိုဆိုးရွားလာနေသည်ကို တွေ့မြင်နေရကြောင်းနှင့် လားရှိုးစစ်ပွဲအတွင်း စစ်မက်နှင့်မသက်ဆိုင်သော ပစ်မှတ်များအား အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ် ဖျက်ဆီးမှုကို ရှုတ်ချကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ယနေ့ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများအပေါ်သဘောထားထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၏ အကျိုးသက်ရောက်မှုများကြောင့် နိုင်ငံနှင့်အဝှမ်း စီးပွားရေး၊ လူမှုရေးမှစ၍ အထွေထွေ အကြပ်အတည်းများ ပိုမိုဆိုးရွားလာနေသည်ကို စိုးရိမ်ဖွယ်ရာ မြင်တွေ့ နေရပြီး ၂ဝ၂၄ခုနှစ် ဇူလိုင်လမှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်မက် ပဋိပက္ခများကြောင့် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ သတ်ဖြတ်ခံရခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှုများနှင့် ပြည်သူပိုင် အခြေခံအဆောက်အအုံများ ပျက်ဆီးဆုံးရှုံးနေရခြင်း စသည့် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များစွာကိုပြည်သူအားလုံး တွေ့ကြုံ ခံစားနေကြရသည်ဟု PPP က ပြောသည်။

အဆိုပါ ပဋိပက္ခများအတွင်း စစ်ရေးနှင့်မသက်ဆိုင်သောပစ်မှတ်များဖြစ်သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူအများသို့ ဝန်ဆောင်မှုပေးနေသော စာသင် ကျောင်းများ၊ ဆေးရုံများနှင့် အခြားပြည်သူ့ဝန်ဆောင်မှုများကို တိုက်ခိုက်ဖျက်ဆီးနေမှုများ အားလုံးအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟုလည်း PPP က ကြေညာချက်ထုတ်သည်။

ယခုအချိန်တွင် စစ်မီးကူးစက်မှု ပိုမိုပြင်းထန်လာပြီး နီးစပ်ရာ မြို့ရွာများသို့ စစ်ဘေးပျံ့နှံ့လာသဖြင့် ဒေသခံ ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကာ လူမှုစီးပွား ဘဝများလည်း ပျက်စီးဆုံးရှုံးရလျှက် ရှိသည်။

သို့ဖြစ်ပါ၍ စစ်ပွဲများအမြန်ဆုံး ရပ်တန့်ကာ အပစ်အခတ်ရပ်စဲရေးအတွက် စောလျင်စွာ ချည်းကပ် ဆောင်ရွက်ကြပါရန် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် စစ်ဖက်အဖွဲအစည်းများ အားလုံးအား မေတ္တာရပ်ခံ တောင်းဆိုအပ်သည်ဟုလည်း PPP က တောင်းဆိုသည်။

ထို့ပြင် နိုင်ငံရေးစစ်ရေး မတည်ငြိမ်မှုများအပြင် သဘာဝဘေးအန္တရာယ်များကိုလည်း ပြင်းထန်စွာ ခံစားနေရသော ပြည်သူလူထု၏ မြေပြင်ပကတိ ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲပြဿနာများကို ဝိုင်းဝန်းကူညီ ဖြေရှင်းကြပြီး ပြည်သူအားလုံး၏ အနာဂတ်ဘဝများအတွက် ရှေးရှုဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စုပေါင်းချမှတ်ကာ ပြည်ထောင်စုသားအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြပါရန် လေးနက်စွာ သဘောထားထုတ်ပြန် တိုက်တွန်း အပ်ပါသည်ဟုလည်း ပြည်သူ့ရှေ့ဆောင်ပါတီက တောင်းဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *