September 19, 2024

သတ်ဖြတ်ခံရသူများမှာ သားအမိသားအဖ သုံးယောက်ဖြစ်ပြီး သတ်ဖြတ်သူများက မော်တော်ယာဥ် လုယက် ယူဆောင်သွား

၁၁.၈.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းရှိ နေအိမ်တိုက်ထဲတွင်သတ်ဖြတ်ခံရသည့် မိသားစု ( ၃) ယောက်၏ ပုပ်ပွနေသည့် အလောင်းများတွေ့ရှိခဲ့ကြောင်းနှင့် သတ်ဖြတ်သူများက မော်တော်ယာဥ်အား လုယက် ယူဆောင်သွားကြောင်း သိရသည်။

သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများမှာ ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က သတ်ဖြတ်ခံရသည်ဟုဆိုပြီး ထိုရုပ်အလောင်းများကို သြဂုတ်လ ၁၀ ရက်နေ့တွင် တွေ့ရှိကာ သက်ဆိုင်ရာမှ သဗ္ဗသုခနာရေးကူညီမှုအသင်းသို့ ဖုန်းဆက်လာ၍ အသင်းက ရုပ်အလောင်းများကို ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံရှိ ရေခဲတိုက် ( ရင်ခွဲရုံ) သို့ ကူညီပို့ဆောင်လိုက်ကြောင်း သိရသည်။

“မိသားစု ၃ ယောက် အသတ်ခံရတာ။ လင်မယားနှစ်ယောက်နဲ့သား အသတ်ခံရတာ။ အလောင်းတွေက ပုပ်နေပြီ။ ဓားဒဏ်ရာတွေနဲ့။ သတ်တဲ့သူက လူရင်းတွေထဲကဖြစ်မယ်။ ခြံစည်းရိုးတံခါးလည်း ပွင့်နေတယ်။ ကားလည်းယူဆောင်သွားတယ်” ဟု ဖြစ်စဥ်သိရှိသည့် ဥတ္တရသီရိမြို့နယ်တွင် နေထိုင်သူတစ်ဦးက MT News သို့ ​ပြောသည်။

သတ်ဖြတ်ခံရသည့် အမျိုးသားနှင့်အမျိုးသမီးမှာ အသက် (၅၀) ကျော်အရွယ်ရှိပြီး သားဖြစ်သူမှာ အသက် (၂၀) ကျော်သာ ရှိသေးကြောင်းလည်း သိရသည်။

ဓာတ်ပုံ- သဗ္ဗသုခနာရေးကူညီမှုအသင်း

Leave a Reply

Your email address will not be published. Required fields are marked *